fbpx

အင်တာမီလန်သို့ တစ်နှစ်လစာငွေ ပေါင် (၆.၅) သန်းတန်ဖိုးရှိ (၄)နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ရန် အဲရစ်ဆင် သဘောတူ

စပါးအသင်း၏ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်သည် စီးရီးအေကလပ် အင်တာမီလန်အသင်းသို့ (၄)နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း အီတလီသတင်းစာများက ဖော်ပြခဲ့ကြသည်။

La Gazzetta dello Sport သတင်းစာ၏ ဖော်ပြချက်အရ အဲရစ်ဆင်သည် အင်တာမီလန်အသင်းတွင် တစ်နှစ်လစာငွေ ပေါင် (၆.၅)သန်းရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ 
အဲရစ်ဆင်အနေဖြင့် မူလက တစ်နှစ်လစာငွေ ပေါင်(၈.၅) သန်းတောင်းဆိုခဲ့သော်လည်း ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် သူ၏တောင်းဆိုမှုကိုလျှော့ချကာ ပေါင် (၆.၅)သန်း နှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ သူ၏ပြောင်းရွှေ့ကြေးအတွက်မူ စပါးအသင်းက အင်တာမီလန်အသင်းထံမှ ပေါင်(၁၇)သန်း တောင်းဆိုထားကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။ 

အင်တာမီလန်အသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အဲရစ်ဆင်အားခေါ်ယူနိုင်ရန် ကြိုး ပမ်းလျက်ရှိနေပြီး စပါးအသင်းနှင့် အပြောင်းအရွှေ့အတွက် ဆက်လက်ညှိနှိုင်းရန်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။ ဗြိတိန်သတင်းစာ Daily Mail ၏ ဖော်ပြချက်အရ ယခုအင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် အင်တာမီလန်အသင်းတာဝန်ရှိသူများနှင့် စပါးအသင်းတာဝန်ရှိသူများ အပြီးသတ်ဆွေး နွေးသွားမည်ဖြစ်ပြီး သူ၏အပြောင်းအရွှေ့ကို အတည်ပြုကြေညာသွားဖွယ်ရှိကြောင်း သိရှိရသည်။

အဲရစ်ဆင်သည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော စပါး (၀-၁) လီဗာပူးလ်ပွဲတွင် ပါဝင်ကစားခဲ့ပြီး ယင်းပွဲမှာ စပါးအသင်းအတွက် သူ၏နောက်ဆုံးပွဲဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ယင်းပွဲ၌ ပွဲထွက်ကစားခွင့်ရရှိခဲ့သော အဲရစ်ဆင်သည် ပွဲချိန် (၆၉)မိနစ်တွင် အာဂျင်တီးနားကွင်းလယ်လူ ဆယ်လ်ဆိုနှင့်လူစားလဲခံခဲ့ရပြီး ၎င်းက ကွင်းအတွင်းမှထွက်ခွာရာ၌ ပွဲကြည့်စင်ပေါ်မှ စပါးပရိသတ်များကို လက်ပြနှုတ်ဆက်သွားခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ သို့သော် အသင်းမှထွက်ခွာရန် စီစဉ်နေသည့် အဲရစ်ဆင်ကို မကျေနပ်သည့် စပါးပရိသတ်အချို့က ၎င်းအားပွဲကြည့်စင်ပေါ်မှ အော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်းလည်း သိရှိရသည်။ 

အဲရစ်ဆင်သည် ၂၀၁၃ ခုနှစ်တွင် နယ်သာလန်ကလပ် အေဂျက်စ်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၁၁)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး စပါးအသင်းတွင်ကစားခဲ့သည့် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ(၃၀၀) တိတိ ကစားပေးခဲ့သည်။ ၎င်းအားခေါ်ယူရန် စပါးအသင်း၏ပရီးမီး ယားလိဂ်ပြိုင်ဘက် မန်ယူအသင်းက ပစ်မှတ်ထားခဲ့သော်လည်း အဲရစ်ဆင်သည် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ ကိုင်တွယ်နေသည့် အင်တာမီလန်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

Source : Eleven Media Group