fbpx

ရန်ကုန်တိုင်းရှိ တရားရုံးအားလုံးနီးပါး အချုပ်ခန်းနှင့် ရုံးထုတ်အချုပ်သားအင်အား မမျှတ

ရန်ကုန်၊ ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများအားလုံးနီးပါး၏ အချုပ်ခန်းများတွင် ထားရှိနိုင်သည့် အချုပ်သားလူဦးရေနှင့် အမှန်တကယ်ထားရှိရသည့် အချုပ်သားဦးရေ မမျှတမှုများကြုံနေရကြောင်း တိုင်းတရားသူကြီးချုပ် ဦးလှအေးက ပြောကြားသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းတရားသူကြီးချုပ် ဦးလှအေးက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“တရားရုံးတွေမှာ လက်ရှိအခြေအနေက မြို့နယ်အသီးသီး၊ ခရိုင်အသီးသီးအားလုံးမှာ စွဲဆိုထားတဲ့ အချုပ်သားတရားခံ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတော့များပြား လာပါတယ်။ များပြားလာတဲ့အတွက် ကျွန်တော်တို့ နဂိုကသတ်မှတ်ထားတာ အချုပ်ခန်းတစ်ခုမှာ ဘယ်လောက်ဦးရေဆိုတဲ့ သတ်မှတ်ချက်ထက် ပိုနေတာမှန်ပါတယ်” ဟု ဦးလှအေးက ပြောဆိုသည်။
ကွင်းဆင်း စစ်ဆေးချက်များအရလည်း မြောက်ပိုင်းခရိုင် တရားရုံးအချုပ်တွင် အချုပ်သားဦးရေ ၈၅ ဦးဆံ့သော်လည်း ရုံးထုတ်အချုပ်သားဦးရေသည် ၉၅ ဦး ဖြစ်နေကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးတွင်လည်း အချုပ်သား ၄၀ သာဆံ့သော်လည်း ရုံးထုတ်ပျမ်းမျှအချုပ်သားဦးရေ ၆၀ ရှိကြောင်း၊ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် အချုပ်သား ၄၀ ဦးသာဆံ့သော်လည်း ၅၀ ဦးထားရှိနေရပြီး လှိုင်သာယာ မြို့နယ်တရားရုံးတွင် အချုပ်သား ၆၀ ဦးသာ ဆံ့သော်လည်း ၁၆၀ ဦးအထိ ထားရှိနေရ သကဲ့သို့ ဆိတ်ကြီးခနောင်တို တရားရုံးတွင်မူ အချုပ်ခန်းပင်မရှိကြောင်း၊ ယင်းအခြေအနေများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြထားပြီး ရန်ပုံငွေရရှိပါက ပြုပြင်ဆောင်ရွက်တိုးချဲ့ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းတရား လွှတ်တော်ချုပ်က ဆိုသည်။
“ကျွန်တော်တို့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့ဝင်တွေ ၃ ကြိမ်တိုင် ကွင်းဆင်းစစ်ဆေးတော့ အခုအချိန်ထိ တရားရုံးအချုပ်ခန်းတွေက သန့်ရှင်းမှုလည်းမရှိဘဲ ကျပ်ညပ်နေပြီးတော့ တချို့တရားရုံးတွေမှာဆိုရင် အမျိုးသမီးအချုပ်သားတွေကို ရဲ CRO အခန်းတွေမှာ ထားတယ်။ အမျိုးသားတွေကို အမျိုးသားခန်းနဲ့ အမျိုးသမီးအခန်း ၂ ခုစလုံးမှာ ထားရှိနေရ တာကို တွေ့ရှိနေရတယ်။ ပြစ်မှုကျူးလွန်လို့ အကျဉ်းကျခံနေရတာဖြစ်ပေမယ့် သူတို့လည်း လူသားတွေဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ညီညွတ်ဖို့၊ သန့်ရှင်းဖို့ လိုအပ်ပါတယ်” ဟု လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မှတ်ချက်ပြုသည်။
ZC

Source : The Voice