fbpx

Huawei Film Awards ပြိုင်ပွဲအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် ရုပ်ရှင်ဇာတ်ကားတို နှစ်ကားပြသကာ ဆွေးနွေးခြင်းအစီအစဉ်ပြုလုပ်

Huawei Film Awards ပြိုင်ပွဲအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် Huawei Mate 30 Pro အသုံးပြုကာဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားတိုနှစ်ကား ပြသဆွေးနွေးခြင်းအစီအစဉ်ကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ JCGV Kan Thar Yar ၌ ပြုလုပ်ခဲ့သည်။ ယင်းအစီအစဉ်တွင်ရုပ်ရှင် ဇာတ်ကားတိုနှစ်ကားအား ရိုက်ကူးသည့် ဒါရိုက်တာအာကာနှင့် ထက်ဝေယံနိုင် (Wayne) တို့က ဗီဒီယိုရိုက်ကူးခြင်း၏ အခြေခံအချက်အလက်များ၊ ဖန်တီးပုံများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် Huawei Mate 30 Pro အသုံးပြုကာ ဖန်တီးထားသည့် ဇာတ်ကားတိုနှစ်ကားအား ပြသပြီးနောက် ယင်းဇာတ်ကားတိုနှစ်ကား ဖန်တီးခဲ့သည့် အတွေ့အကြုံများ၊ ပြင်ဆင်ရသည်များအားလည်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအစီအစဉ်သို့ တက်ရောက်ရန်အတွက် ရုပ်ရှင်ဝါသနာရှင် ၁၀၀ အားလည်း ရွေးချယ်ဖိတ်ခေါ်ခဲ့ပြီး သိလိုသည်များကို ဒါရိုက်တာနှစ်ဦးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဒါရိုက်တာ ထက်ဝေယံနိုင်က ‘ Relive’ ဟု အမည်ပေးထားသည့် short film အား Huawei mate 30 pro အသုံးပြုကာရိုက်ကူးထားပြီး သရုပ်ဆောင်အောင်ရဲထိုက်၊ သီရိစိုးနှင့် အထူးဧည့်သည်သရုပ်ဆောင် ကျော်ကျော်တို့ ပါဝင်ထားသည်။ ဒါရိုက်တာအာကာကလည်း Huawei mate 30 pro ကိုအသုံးပြုကာ short film ကိုရိုက်ကူးထားပြီး သရုပ်ဆောင်ရဲနောင်၊ ခိုင်မြဲနှင့် Bella တို့အဓိကပါဝင်ထားသည်။ Unbreakable bond ဟုအမည်ပေးထားသည့် ယင်းဇာတ်ကားမှာ စစ်မြေပြင်ကိုအခြေခံထားသည့် ဇာတ်ကားဖြစ်သည်။ တိုက်ပွဲဇာတ်ဝင်ခန်းများကိုလည်း စိတ်လှုပ်ရှားဖွယ်ပုံဖော်မှုအဖြစ် တွေ့မြင်ခဲ့ရသည်။ အဆိုပါဇာတ်ကားတိုနှစ်ကားအား ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ခြင်းဖြစ်သည်။ Huawei Mate 30 Pro အသုံးပြုကာ ဖန်တီးထားသည့် ဇာတ်ကားတိုများအား ယှဉ်ပြိုင်စေမည့် ပြိုင်ပွဲကိုလည်း ပြုလုပ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

Source : Eleven Media Group