fbpx

မက်ဒေမွန်က သည်းထိတ်ရင်ဖိုဇာတ်ကား The Force တွင် ပါဝင်မည်

အမေရိကန်ဒါရိုက်တာ ဂျိမ်းစ်မန်ဂိုးလ် ရိုက်ကူးမည့် သည်းထိတ်ရင်ဖိုဇာတ်ကား The Force တွင် မက်ဒေမွန်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်ဖြစ်သည်။

နယူးယောက်ရဲဌာနမှ ရဲအရာရှိများ ခြစားမှုအကြောင်းရေးသားထားသည့် စာရေးဆရာ Don Wimslow ၏ The Force ဝတ္ထုကို မှီငြမ်းရိုက်ကူးမည့် ယင်းဇာတ်ကားတွင် မက်ဒေမွန်က စုံထောက် Denny Malone အဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။

ဒေမွန်သည် မာတင်စကော့ဆေးဆေး ရိုက်ကူးသည့် The Departed ဇာတ်ကားတွင်လည်း အလားတူဇာတ်ကောင်မျိုး ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။

The Force ဝတ္ထုသည် ဈေးကွက်သို့ မဖြန့်ချိမီကပင် ဟောလိဝုဒ်၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး Fox က ရုပ်ရှင်ရိုက်ကူးရန်အတွက် ၂၀၁၆ ခုနှစ်တွင် မူပိုင်ခွင့်ဝယ်ယူခဲ့သည်။ The Force ဇာတ်ကား၏ ပထမဇာတ်ညွှန်းကို ဒေးဗစ်မန်မက်က ရေးသားခဲ့ပြီး နောက်ဆုံးဇာတ်ညွှန်းကို စကော့ဖရန့်က ရေးသားခဲ့သည်။ ဒါရိုက်တာရစ်ဒလေစကော့က ယင်းဇာတ်ကားကို ထုတ်လုပ်မည်ဖြစ်သည်။

မက်ဒေမွန်သည် ဂျိမ်းစ်မန်ဂိုးလ်ရိုက်ကူးသည့် Ford v. Ferrari ဇာတ်ကားတွင်လည်း ကားဒီဇိုင်နာ Carroll Shelby အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေဒေါ်လာ ၂၁၆ သန်းကျော်ရရှိခဲ့ပြီး ၉၂ ကြိမ်မြောက် အော်စကာဆု ဆန်ခါတင်စာရင်းတွင် အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု လေးဆုအတွက် လျာထားခံခဲ့ရသည်။

ဒေမွန်သည် ဒါရိုက်တာ တွမ်မက်ကာသီ ရိုက်ကူးသည့် Stillwater ကဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ ရစ်ဒလေစကော့ရိုက်ကူးသည့် The Last Duel ဇာတ်ကားတွင်လည်း ဂျိုဒီကိုမာ၊ အဒမ်ဒရိုင်ဘာနှင့် ဘင်အက်ဖ်လက်တို့နှင့် တွဲဖက်သရုပ်ဆောင်မည်ဖြစ်သည်။

Mystic Pizza ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည့် မက်ဒေမွန်သည် ဘင်အက်ဖ်လက်နှင့် တွဲဖက်သရုပ်ဆောင်ထားသည့် Good Will Hunting ဇာတ်ကားဖြင့် ထင်ရှားလာခဲ့သည်။ ဒေမွန်နှင့် ဘင်အက်ဖ်လက်သည် ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲတွင် Good Will Hunting ဇာတ်ကားဖြင့် မူရင်းဇာတ်ညွှန်းဆုကို ပူးတွဲရရရှိခဲ့သည်။

Bourne ဇာတ်ကားများတွင်ပါဝင်သည့် Jason Bourne ဇာတ်ကောင်ဖြင့် အောင်မြင်ခဲ့သည့် ဒေမွန်သည် Good Will Hunting ၊ Invictus နှင့် The Martian ဇာတ်ကားတို့ဖြင့် အော်စကာဆုဆန်ခါတင်စာရင်းတွင် လျာထားခံခဲ့ရသည်။

Source : Eleven Media Group