fbpx

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဂျက်ကီချန်း၏ ဇာတ်ကားအပါအဝင် တရုတ်ဇာတ်ကား ခုနစ်ကားကို ကမ္ဘာတစ်ဝန်းဖြန့်ချိမှု ရွှေ့ဆိုင်း

သေဆုံးသူ ၃၀ နီးပါးရှိလာခဲ့ပြီး လူရာပေါင်းများစွာ ကူးစက်ခံထားရသော ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား စိုးရိမ်မှုကြောင့် တရုတ်တွင် ရုပ်ရှင်ရုံများ၌ ဇာတ်ကားသစ်များ ဖြန့်ချိမှုအား ရွှေ့ဆိုင်းခဲ့ပြီးနောက် စင်ကာပူတွင်လည်း တရုတ်ဇာတ်ကားလေးကား ဖြန့်ချိမှုကို ရွှေ့ဆိုင်းခဲ့သည်။

တရုတ်နှစ်သစ်ကူးကာလ သီတင်းပတ်ကုန်ရက်များတွင် ဖြန့်ချိမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ တစ်ဘီလျံကျော်ရရှိနိုင်သည်ဟု ဝေဖန်သူများက ခန့်မှန်းထားကြသည့် အဓိကကျသော ဇာတ်ကားခုနစ်ကားအား တရုတ်တွင် ဖြန့်ချိမည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် တရုတ်တွင် ထုတ်လုပ်ခဲ့သော ထိုဇာတ်ကားများအား ပြည်ပတွင် မိတ်ဆက်ပြသမှု မလုပ်နိုင်ခဲ့သောကြောင့် ကမ္ဘာတစ်ဝန်း၌ ယခုသီတင်းပတ်ကုန်တွင် ပြသနိုင်မည် မဟုတ်တော့ပေ။

ရုပ်ရှင်ရုံများတွင် ကိုရိုနာဗိုင်းရပ်စ်သစ်  ပျံ့နှံ့မှု ဖြစ်ပွားနိုင်ခြေကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုဇာတ်ကားများ ဖြန့်ချိမှုအား ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ရုပ်ရှင်ထုတ်လုပ်သူများနှင့် ဖြန့်ချိသူများအဖွဲ့က ဇန်နဝါရီ ၂၃ တွင် ထုတ်ပြန်ခဲ့သည်။

စင်ကာပူတွင် ဖြန့်ချိရန်စီစဉ်ထားသော ဇာတ်ကားလေးကားမှာလည်း တရုတ်တွင် ထုတ်လုပ်ထားသော ဇာတ်ကားများဖြစ်ပြီး ဂျက်ကီချန်းပါဝင်ထားသည့် Vanguard ၊ အထူးပြုလုပ်ချက်ဇာတ်ကား Jiang Ya: Legend of Deification ၊ အက်ရှင်ဇာတ်ကား The Rescue နှင့် ဇာတ်မြူးဇာတ်ကား Detective Chinatown 3 တို့ဖြစ်ကြသည်။

ထိုဇာတ်ကားလေးကားအပါအဝင် တရုတ်တွင် ဖြန့်ချိမှုရွှေ့ဆိုင်းခဲ့သော အခြားဇာတ်ကား သုံးကားမှာ Lost in Russia ၊ Leap and Boonie Bears နှင့် The Wild Life တို့ ဖြစ်ကြသည်။ ထိုရွှေ့ဆိုင်းခဲ့ရမှုများကြောင့် တရုတ်ရုပ်ရှင်လုပ်ငန်းအတွက် ဧရာမထိုးနှက်ချက် ဖြစ်ခဲ့သည်။

ထိုဇာတ်ကားများဖြန့်ချိမှုအား ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့သူများမှာ National Film Administration သို့မဟုတ် ကျန်းမာရေးဌာန ကဲ့သို့ အစိုးရဌာနမှမဟုတ်ဘဲ ထိုဇာတ်ကားများ နောက်ကွယ်တွင်ပါဝင်ခဲ့သော ရင်းနှီးမြှုပ်နှံသူများနှင့် ဖြန့်ချိသူများပါဝင်သည့် ရုပ်ရှင်နယ်ပယ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုရွှေ့ဆိုင်းသော ဆုံးဖြတ်ချက်များ မချမှတ်မီကတည်းကပင် ရုပ်ရှင်ကုမ္ပဏီခွဲအချို့က ကြိုတင်လက်မှတ်ဝယ်ယူထားသူများအား ငွေပြန်အမ်းပေးမည်ဟု ကမ်းလှမ်းထားပြီးဖြစ်သည်။

ဝူဟန်ဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုအား ဒီဇင်ဘာ ၃၁ တွင် စတင်အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် အမေရိကန်တို့တွင်ပါ ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ နောက်ဆုံး အခြေအနေအရ စင်ကာပူနှင့် ဗီယက်နမ်တို့တွင်ပါ ထိုဗိုင်းရပ်စ်သစ် ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ကြသည်။

Source : Eleven Media Group