fbpx

စပိန်အော်စကာဆုပေးပွဲတွင် Pain and Glory ဇာတ်ကားက ထိပ်တန်းဆုများ ဆွတ်ခူး

Pain and Glory ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုရရှိသည့် Antonio Banderas

စပိန်အော်စကာဆုပေးပွဲဟု တင်စားခေါ်ဆိုသည့် Goya ရုပ်ရှင်ဆုပေးပွဲတွင် ဒါရိုက်တာ Pedro Almodovar ၏ အော်စကာ ဆန်ခါတင်စာရင်းဝင် ဇာတ်ကား Pain and Glory က အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မူရင်းဇာတ်ညွှန်းဆုနှင့် Antonio Banderas အတွက် အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုအပါအဝင် ဆု ခုနစ်ဆု ဆွတ်ခူးခဲ့သည်။

“ Almodovar က ကျွန်တော့်ကို အနုပညာအပြင် ဘဝအကြောင်းကို သင်ကြားပေးခဲ့သူပါ။ သူ့ကြောင့် ကျွန်တော်အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တယ်။ နောက်ထပ် ဇာတ်ကားအသစ်တွေကိုလည်း သူနဲ့အတူ ရိုက်ကူးချင်သေးတယ်” ဟု Banderas က ပြောကြားခဲ့သည်။

Banderas သည် Almodovar ၏ ၁၉၈၂ ခုနှစ်က ဖြန့်ချိခဲ့သည့် Labyrith of Passion ဇာတ်ကားတွင် ပထမဆုံးပါဝင်သရုပ်ဆောင်ပြီး အနုပညာအလုပ်များကို နှစ် ၄၀ ကြာ ပူးပေါင်းလုပ်ဆောင်ခဲ့သူ ဖြစ်သည်။

Pain and Glory ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည့် ပင်နီလုခရုဇ်သည် ဆုနှင့် လွဲချော်ခဲ့ပြီး ယင်းဆုကို Belen Cuesta က ဆွတ်ခူးခဲ့သည်။ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆုကို Pain and Glory ဇာတ်ကားတွင် Jacinta Mallo ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ခဲ့သည့် Julieta Serrano က ရရှိခဲ့သည်။

အိုမင်းလာသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Pain and Glory ဇာတ်ကားသည် အော်စကာ ဆန်ခါတင်စာရင်းတွင်  အကောင်းဆုံး နိုင်ငံခြားဘာသာ စကားပြော ဇာတ်ကားဆုနှင့်အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။

ယခုနှစ် ဆုပေးပွဲတွင် ဒါရိုက်တာ Alejandro Amenabar ၏ စပိန်ပြည်တွင်းစစ်အကြောင်း ရိုက်ကူးထားသည့် While at War ဇာတ်ကားက Eduard Fernandez အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆု အပါအဝင် ဆုငါးဆု ဆွတ်ခူးခဲ့သည်။

စပိန်နိုင်ငံ၊ Malaga မြို့တွင် ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် Goya ဆုပေးပွဲသို့ စပိန်ဝန်ကြီးချုပ် Pedro Sanchez လည်း တက်ရောက်ခဲ့သည်။ ယခုနှစ်ဆုပေးပွဲတွင် အကောင်းဆုံးဥရောပ ရုပ်ရှင်ဇာတ်ကားဆုကို  ပြင်သစ်ဇာတ်ကား Les Miserables က ရရှိခဲ့ပြီး အကောင်းဆုံး လက်တင်အမေရိကရုပ်ရှင် ဇာတ်ကားဆုကို အာဂျင်တီးနား ဒါရိုက်တာ Sebastian Borensztein ၏ Heroic Losers ဇာတ်ကားက ဆွတ်ခူးခဲ့သည်။ ယခုနှစ်ဆုပေးပွဲတွင် အသက် ၈၄ နှစ်အရွယ်ရှိ Benedicta Sanchez က ပွဲဦးထွက်ဇာတ်ကား Fore Will Come ဖြင့် တက်သစ်စသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

Source : Eleven Media Group