fbpx

ဇီးရိုးဘတ်ဂျက်ဖြင့် ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များနစ်နာ

ရန်ကုန်၊ ဇန်နဝါရီ ၂၇
နိုင်ငံတကာမှ ဇီးရိုးဘတ်ဂျက်ဖြင့် ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များအတွက် နစ်နာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
ဇန်နဝါရီလ ၂၇ ရက်က ကျင်းပသော ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 
“အဆိုပါဇီးရိုးဘတ်ဂျက်နဲ့ ခရီးသွားများဟာ ခရီးသွားအေဂျင်စီများအနေနဲ့ သူတို့နဲ့ဆက်စပ်နေတဲ့ တစ်ဖက်နိုင်ငံက လုပ်ငန်းရှင်များပိုင်ဆိုင်သော ဟိုတယ်များ၊ တည်းခိုခန်းများ၊ အမှတ်တရပစ္စည်းဆိုင်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှာ စားရတဲ့အတွက် တိုင်းရင်းသားလုပ်ငန်းရှင်များအနေနဲ့ အများကြီးနစ်နာပါတယ်။ ဝင်ငွေရတာတော့ရတာပေါ့။ ရသင့်တဲ့ဝင်ငွေ မရပါဘူး”ဟု ဦးကျော်ဇေယျက ဆိုသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလကုန်အထိ တရုတ်နိုင်ငံသား ဝင်ရောက်သူဦးရေမှာ ခုနစ်သိန်းလေးသောင်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ရောက်မှုဦးရေမှာ သုံးသိန်းလေးသောင်း ကျော်ရှိကြောင်း၊ ယင်းနှစ်တွင် ဆိုက်ရောက် ဗီဇာ ဖြေလျှော့မှုကြောင့် ကမ္ဘာလှည့်ခရီးသွားဗီဇာအဖြစ် ဝင်ရောက်သူဦးရေမှာ တစ်သိန်းသုံးသောင်းကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
“တကယ်တမ်းကျတော့ ဇီးရိုးဒေါ်လာဆိုတာ သက်ဆိုင်ရာနိုင်ငံတွေက သူတို့နိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ မြန်မာနိုင်ငံကိုလာလည်ဖို့အတွက် Package Tour တွေ စီစဉ်ပါတယ်။ အဲဒီလိုစီစဉ်တဲ့နေရာမှာ လေယာဉ်လက်မှတ် Free၊ မြန်မာနိုင်ငံကိုလာနေတဲ့အခါ နေထိုင်စားသောက်စရိတ် Free၊ နေထိုင်စားသောက်စရိတ်လို့ ပြောတဲ့အခါမှာ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေပါပါတယ်။ နိုင်ငံထဲကို သွားတဲ့လာတဲ့အခါမှာလည်း Free၊ ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲနဲ့ ခရီးသွားဖို့အတွက် စီစဉ်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။
ယင်းသို့လာရောက်သည့်ခရီးသွားများမှာ သက်ဆိုင်ရာနိုင်ငံများရှိ ခရီးသွားအေဂျင်စီများနှင့် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့သတ်မှတ်ထားသော ကျောက်မျက်ရတနာဆိုင်များတွင် ဝယ်ယူရမည်ဟု ဝန်ခံကတိပြု လက်မှတ်ထိုးခဲ့ရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ဇော်မိုးလွင်

Source : The Voice