fbpx

နှစ်ဖက်တိုက်ပွဲ သေနတ်သံများအကြား ရခိုင်ရိုးရာရထားပွဲ ပျောက်ကွယ်သွားနိုင်မည်လော

“ကုံရာသီ…တပို့တွဲ ရထားပွဲ လားကတ်မယ် … သူငယ်ချင်းရောက်မရို့နန့် … အဖော်ချင်းညှိပါမယ် … ရိုးရာရခိုင်ပွဲကို … ဆင်နွှဲညီညာ မြူးပျော်ကတ်မယ်”
(ရခိုင်ရိုးရာ ရထားပန်းယိုင်ယိမ်း သီချင်း)
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာ့တပ်မတော် နှင့် AA တို့အကြား နှစ်ဖက်တိုက်ပွဲ စစ်ရေးအရှိန် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသည်။ တိုက်ပွဲဖြစ်ပွားရာနယ်မြေဒေသအားဖြင့်လည်း ရခိုင်မြောက်ပိုင်းမှ ရခိုင်ပြည်နယ်တောင်ပိုင်းအထိ စစ်ဘောင်ကျယ်ပြန့်လာနေပြီး တိုက်ပွဲရှောင်ပြည်သူ တစ်သိန်းကျော်အထိ ရှိလာနေသည်။ နှစ်ဖက်တိုက်ပွဲကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများရှိနေပြီး စီးပွားရေးလုပ်ငန်းများရပ်တန့် သွား၍ ပြည်သူများအနေနှင့် တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာမှုမရှိသလောက် ဖြစ်နေကြသည်။ ရင့်မှည့်နေသောစပါး လယ်မြေဧက တစ်သောင်းကျော် တိုက်ပွဲများအကြား၌ ရိတ်သိမ်းခွင့်မရဖြစ်နေကြ၍ တောင်သူများ ဝမ်းစာစပါး မရရှိဖြစ်နေကြပြီး ယခုနှစ် မိုးရာသီတွင် အငတ်ဘေးဆိုက်ရောက်နိုင်၍ ရခိုင်ပြည်နယ်၏ ဂန္ထဝင်ဖြစ်ရပ်ဆိုး သြဂုတ် ၁၃ ဆန်ပြဿနာဖြစ်ရပ်မျိုး ပြန်ဖြစ်မလာနိုင်ဟု မည်သူကမျှ တပ်အပ်မပြောနိုင်ပါပေ။ 
နာရီစင်ကိုခြေကန်ပြီး မွေးလာသည့် စစ်တွေမြို့သား ကိုအောင်သာကျော်တစ်ယောက် စစ်တွေမြို့၏ အထင်ကရ ဝင်္ကပါကွင်းကြီးအား ကြည့်ရှုနေပြီး ဤကွင်း၌ တပို့တွဲလတွင် မီးတုတ်ကြီးများကိုင်၍ ရွာလုံးကျွတ်၊ ရပ်လုံးကျွတ် ရထားဆွဲရန်လာကြပုံ၊ သူပြိုင်၊ ငါပြိုင် ရခိုင်ရိုးရာ ရထားဆွဲနေကြပုံကို ပြန်မြင်ယောင်လာမိသည်။ စစ်တွေမြို့လုံးကျွတ်ကျင်းပခဲ့သော ရထားပွဲ၌ ညနေဘက် မိမိတို့ရပ်ကွက်မှ ရထားဆွဲရန် အလှည့်ကျလျှင် ညနေမိုးချုပ်သည်နှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ မီးတုတ်များကိုင်၍ ရထားပွဲကျင်းပရာ ဝင်္ကပါကွင်းကြီးရှိရာသို့ ရပ်ကွက်မှ စတင်ထွက်ခွာကြရသည်။ တရားပွဲ၊ အုန်းပွဲကို ရှေ့မှာတင်ထားကြပြီး တူညီဝတ်စုံ အင်္ကျီဝတ်ဆင်၍ စီတန်းကာ ရှေးအခါက ဆိုင်းဝိုင်း၊ ယခုအချိန်၌ ဆောင်းဘောက်များကို ကားပေါ်တင်၍ သီချင်းဖွင့်ကာ ရထားဆွဲရန်သွားကြသည်။ တစ်ရွာလုံး၊ တစ်ရပ်ကွက်လုံး လမ်းလျှောက်၍ လိုက်ပါကြသည်ကို ကြည့်ရသည်မှာ ကိုအောင်သာကျော်အဖို့ ကြည်နူးမဆုံး မြင်ကွင်းတစ်ခု ဖြစ်ခဲ့ရသည်။
ဝင်္ကပါကွင်း၌ ရထားပွဲပြုလုပ်နေသည့်အချိန် အတွင်း “ယီးဆွဲဆွဲ–ယီးဆွဲဆွဲ”၊ “ကုံရာသီ တပို့တွဲ… ရထားပွဲလားကတ်မယ်” စသည့် ရခိုင်တေးသီချင်းများအား စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ၌ အသံချဲ့စက်များ၊ ဆောင်းဘောက်များဖြင့် ဖွင့်ထားကြသည်ကို ကြားရချိန်တိုင်း ကိုအောင်သာကျော်စိတ်ထဲ၌ ပျော်ရွှင်ကြည်နူး ရှိနေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ခဲ့ပေ၏။ ယခုလို ပြသိုလကုန်၊ တပို့တွဲလဆန်းပြီ ဆိုသည်နှင့် ကားပေါ်၌ ဆောင်းဘောက်တင်၍ ]ကုံရာသီ တပို့တွဲ ရထားပွဲ လားကတ်မေ}ဆိုသည့် သီချင်းများဖွင့်ပြီး ရထားဆွဲပွဲ အမှတ်တရ အင်္ကျီတီရှပ်များအား ကိုအောင်သာကျော်တို့ မိတ်ဆွေအပေါင်းအသင်းတစ်စု ရပ်ကွက်ရန်ပုံငွေ ရရှိရေးအတွက် ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခဲ့ သလို စစ်တွေမြို့ကိုပတ်၍လည်း လိုက်ရောင်းခဲ့ကြသည်။ စစ်တွေမြို့ရှိ ရပ်ကွက်တိုင်း၌လည်း ရထားပွဲဝင်ဖို့ ရန်ပုံငွေရရှိရေးအတွက် ကိုအောင်သာကျော်တို့ ကဲ့သို့ ရပ်ကွက်တိုင်း၌ အိမ်တိုင်းစေ့ အလှူငွေလိုက်၍ ကောက်ခံကြသလို ရပ်ကွက်နာမည်ပါသော တီရှပ် အင်္ကျီများလိုက်ရောင်းကြသည်။ 
(၂)
ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလ ၌ကျင်းပသော ရခိုင်တို့၏ရိုးရာ ရာသီပွဲတစ်ခုမှာ ရထားဆွဲပွဲပင်ဖြစ်သည်။ တပို့တွဲလ စစ်တွေမြို့၌ ရထားဆွဲပွဲကျင်းပပြီဆိုလျှင် ကိုအောင်သာကျော်အနေနှင့် ကိုယ့်ရပ်ကွက်၌ ဦးဆောင်ဦးရွက်ပြုကာ ရပ်ကွက်ထဲရှိ အရွယ်ကောင်း ယောကျာ်း၊ မိန်းမများကို ခေါ်ဆောင်ပြီး ရထားဆွဲဖို့ ဝင်္ကပါကွင်းကို သွားရောက်နေခဲ့သူ ဖြစ်သည်။ စစ်တွေမြို့၌ နှစ် ၄၀ ကြာ ပျောက်ကွယ်နေခဲ့သော ရထားဆွဲပွဲကို စစ်တွေမြို့၊ မိဇံရပ်ကွက်မှ စတင်ဖော်ထုတ်လိုက်သဖြင့် စစ်တွေမြို့သူ၊ မြို့သားများ ပျော်ရွှင်ခဲ့ကြရသော်လည်း ယနေ့အချိန် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသော နှစ်ဖက်တိုက်ပွဲကြောင့် ရိုးရာပွဲတစ်ခုဖြစ်သည့် ရထားဆွဲပွဲ မကျင်းပနိုင်၍ ပြန်လည်ပျောက်ကွယ်သွားမည်ကို ကိုအောင်သာကျော် ဝင်္ကပါကွင်းကိုကြည့်နေရင်း စိုးရိမ်စိတ်များ ဖြစ်ပေါ်လာနေခဲ့သည်။
ဆောင်းရာသီ တပို့တွဲလ၌ ကောင်းကင်အာကာ ပြင်ဝယ် နက္ခတ်တာရာများစုံနေပြီး ငွေလမင်း၏ အရောင် ဝါဝင်းထွန်းလင်း တောက်ပနေသည့်အချိန် မြောက်လေသွေးလို့ နှင်းစက်များကြောင့် အအေးပိုနေသော်လည်း အအေးဒဏ်ကိုအန်တုပြီး သူနိုင်ကိုယ်နိုင် အပြိုင်ဆွဲဖို့ အစဉ်အလာမပျက် ရခိုင်ရိုးရာရထားပွဲကို သွားကြရသည်မှာ ကိုအောင်သာကျော်အဖို့ အလွန်ပျော်စရာကောင်းခဲ့လှပါသည်။ တပို့တွဲလ၌ ကျင်းပသော ရခိုင်ရိုးရာရထားပွဲသည် ရခိုင်ပြည်နယ်တွင် အစည်ကားဆုံး ရိုးရာပွဲတော်တစ်ခုဖြစ်သည့်အလျောက် ယီးလေ့လေ့…ယီးဆွဲဆွဲ အချက်ပေးသံနှင့် ဆွဲထား … တင့်ထားဆိုသည့် အော်ဟစ်၍ အားပေးသံများကြောင့် ရထားဆွဲနေသူများ မဆိုထားနှင့် မြင်ရသူများပင် စိတ်ဓာတ်တက်ကြွစေသော ရခိုင်ရိုးရာပွဲတစ်ခု ဖြစ်သည်။
ရခိုင်လူမျိုးတို့၌ ရိုးရာရထားပွဲအား တပို့တွဲ လပြည့်နေ့ကို နောက်ဆုံးထား၍ ကျင်းပကြရသည်။ ရွာလုံးကျွတ်၊ မြို့လုံးကျွတ် အပျို၊ အအို၊ ကလေး၊ လူကြီးကအစ သုံးရက်တိုင်တိုင် ပါဝင်ဆင်နွှဲကြပြီး စည်းလုံးမှုနှင့် စုပေါင်းခြင်းသဘာဝကို သရုပ်ဖော်သည်သာမက ပျော်ရွှင်မှုကိုလည်း ရရှိစေသည့် ရခိုင်ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ တောင်သူလယ်သမားများ စပါးရိတ် သိမ်းပြီးစ အချိန်အခါဖြစ်၍ ငွေရွှင်နေသည့်အချိန်၌ ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပနေခြင်းဖြစ်သလို ရှေ့လာမည့်နှစ်တွင်လည်း ရာသီဥတုကောင်းမွန်စေရန်နှင့် ဆန်ရေစပါးပေါများစေရန် ရခိုင်ရိုးရာရထားဆွဲပွဲကို လမင်းကြီးထိန်ထိန်သာနေချိန်တွင် ကျင်းပကြခြင်း ဖြစ်သည်။ 
(၃)
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်၍ လုံခြုံရေးအခြေအနေကြောင့် ယခုနှစ်တွင် စစ်တွေမြို့၌ ရခိုင်ရိုးရာ ရထားဆွဲပွဲ မကျင်းပဖြစ်ကြောင်း ကိုအောင်သာကျော် ကြားသိ နေရသည်။ မနှစ်ကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြခြင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး၌ ရိုးရာရထားဆွဲပွဲ မကျင်းပနိုင်ခဲ့ကြ။ ယခုအချိန်၌ မြန်မာ့ တပ်မတော်နှင့် AA တို့အကြား နှစ်ဖက်တိုက်ပွဲ စစ်ရေးအရှိန် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေခြင်းကြောင့် ရထားဆွဲပွဲကျင်းပရေးထက် ကိုအောင်သာကျော်အပါအဝင် စစ်တွေမြို့သူ၊ မြို့သားများအနေနှင့် ငါတို့လည်း ဘယ်နေ့ထွက်ပြေးကြရမလဲဆိုပြီး တွေးပူနေကြရသည်။ တစ်ချိန်တစ်ခါက မေယုဒေသ မောင်တောမြို့က ရခိုင်ရိုးရာရထားပွဲ အထူးစည်ကားခဲ့သလို ကိုအောင်သာကျော်တို့ စစ်တွေမြို့၌လည်း ဝင်္ကပါကွင်းလုံးပြည့် ကြက်ပျံမကျ စည်ကားခဲ့သည်။ မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလသည် ဧကာဒသမ တစ်ဆယ့်တစ်လမြောက်ဖြစ်ပြီး ကုံရာသီဖြစ်၍ ဆောင်းရာသီ၏နောက်ဆုံးလဖြစ်ကာ အအေးဆုံးလလည်းဖြစ်၍ ရှေးစာဆိုတို့က “ကျွဲချိုဖျားအေး၊ တပို့တွဲ” ဟု စာဖွဲ့ရေးစပ်ခဲ့ကြခြင်းဖြစ်သည်။ တပို့တွဲလ၌ ရာသီသဘာဝ သာယာလှပပြီး ဖော်ကွာဝေးသူများအဖို့ မျက်ရည်စိုရလောက်အောင် လွမ်းမောဖွယ်ဆောင်သောကာလလည်းဖြစ်သည်။ တပို့တွဲလတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ထမနဲထိုးပွဲကို ကျင်းပကြသော်လည်း ရခိုင်ပြည်နယ်တွင်မှု ရိုးရာရထားဆွဲပွဲကို ကျင်းပကြသည်။ ရခိုင်လူမျိုးတို့သည် ရထားဆွဲပွဲကို တပို့တွဲလ၌ နက္ခတ်တာရာများ စုံလင်သည့်အချိန် ဖြစ်သောကြောင့် ကျင်းပကြခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ ကိုအောင်သာကျော် သိရှိထားရသည်။ ရှေးရခိုင်လူမျိုး နက္ခတ္တ ဗေဒပညာရှင်တို့က ရခိုင်တို့၏ဇာတာနှင့် နေ၊ လ၊ နက္ခတ်တာရာလမ်းကြောင်း၊ နက္ခတ် ၂၇ လုံး၊ အတွင်း တာရာကြီးကိုးလုံး၊ အပြင်တာရာကြီး ၂၈ လုံး၊ အလွတ် တာရာ ၉၄ လုံးတို့နှင့်ဆက်စပ်ကာ အချိန်ညှိပြီး ရထားဆွဲပွဲကိုကျင်းပခဲ့ကြကြောင်း စာပေအထောက်အထားများက ညွှန်ပြဆိုထားခဲ့သည်ကို စာဖတ်ဝါသနာပါသည့် ကိုအောင်သာကျော် ဖတ်ဖူးနေခဲ့သည်။
ရခိုင်ရိုးရာရထားပွဲ ဖြစ်ပေါ်လာရခြင်းအကြောင်းကို ရခိုင်သမိုင်းသုတေသီများက ကောဇာသက္ကရာဇ် (၈၉၉) ခုနှစ် ရခိုင်မင်းဗာဘုရင်လက်ထက် ပညာရှိ အမတ်ကြီး ဦးမြဝါ (သျှင်မြဝါ) ကွယ်လွန်သည့်အခါ ဆွဲရထားမှာ သင်္ဂြိုဟ်ဖို့တင်ထားချိန် ဘုရင်က သူ့သင်္ဂြိုဟ်ဖို့နှင့် ပြည်သူများကလည်း သင်္ဂြိုဟ်ဖို့ တောင်းဆိုကြ၍ ဆွဲရထား၌ချည်ထားသောကြိုးအား နန်းတွင်းသူ၊ နန်းတွင်းသားများနှင့် ပြည်သူများ နှစ်ဖက်အပြိုင်ဆွဲကြရာမှ ရထားပွဲ စတင်ဖြစ်ပေါ်လာရခြင်းဟု ဆိုထားကြပါသည်။ 
ရခိုင်ရိုးရာရထားဆွဲပွဲသည် လွန်ဆွဲပွဲနှင့် ဆင်တူသော်လည်း လူ့အကန့်အသတ်မရှိ ဝင်ဆွဲရသော ရိုးရာပွဲတစ်ခုဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ရထားကို စတင်ဆွဲဖို့ စင်မြင့်ပေါ်ကနေ မီးတုတ်ယမ်းပြီး အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်နှင့်တစ်ဖက် ဗုံသံ၊ ဆိုင်းသံတို့ဖြင့် အားပေးမှု ကွင်းတစ်ခုလုံး တသောသော ညံသွားတော့၏။ ကျေးရွာများ၌ဆိုလျှင် ကျေးရွာအပျိုများ၊ လူပျိုများက တစ်ဖက်စီ ဆွဲငင်ကြသလို ကျေးရွာ မြောက်ပိုင်း၊ တောင်ပိုင်းဆိုပြီး အပိုင်းလိုက်ခွဲ၍လည်း အပြိုင်ဆွဲလေ့ရှိကြသည်။ ထို့အတူ အနီးအနားက ကျေးရွာများကို ဖိတ်ခေါ်၍လည်း တစ်ရွာနှင့်တစ်ရွာ သူနိုင်၊ ငါနိုင် အပြိုင်ဆွဲကြသည်။ မြို့ပြများတွင်မူ ရပ်ကွက် တစ်ခုနှင့်တစ်ခု ရထားအား အနိုင်ဆွဲကြရသည်။ အချို့ဒေသများတွင် အမျိုးသားများကတစ်ဖက်၊ အမျိုးသမီးများက တစ်ဖက်နေ၍ အားချင်းပြိုင် အနိုင်ဆွဲကြရသည်။ အနိုင် အရှုံး ဆုံးဖြတ်နိုင်ဖို့ ၃ ခေါက်ဆွဲရသည်။ ပြီးလျှင် အနိုင်ရသည့်ဘက်က စင်မြင့်ထက်မှာ ဦးစွာ သံချပ်ထိုးရသည်။ 
ရခိုင်ပြည်နယ်တစ်ခုလုံး၌ ရထားပွဲအား တပို့တွဲ လဆန်း ၁၃ ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ သုံးရက် တိုင်တိုင် ပျော်ရွှင်စွာကျင်းပကြသည်။ ဤသို့ ရထားပွဲ ကိုကျင်းပကြခြင်းအားဖြင့် နောင်လာမည့်နှစ်၌ မိုးလေ မှန်ပြီး သီးနှံအထွက်နှုန်းကောင်းမည်ဟု ရခိုင်လူမျိုးများက ယုံကြည်ကြသည်။ သုံးရက်တိုင်တိုင် ရထားဆွဲပွဲ ကျင်းပပြီးနောက် နောက်ဆုံးနေ့ တပို့တွဲလပြည့်နေ့တွင် ဆွဲရထားကို ရွာပြင်၊ မြို့ပြင်သို့ထုတ်ပြီး ရှေးအခါက မီးရှို့ဖျက်ဆီးလိုက်ကြပါသော်လည်း ယခုအချိန် ဆွဲရထားပြုလုပ်ရသည့် ကုန်ကျကြေးငွေကို ထောက်ထား၍ နောက်လာမည့်နှစ်များတွင်လည်း ပြန်လည်အသုံး ပြုနိုင်အောင်ရထားပေါ်က ဝါးညွှန့်ကိုသာ စတိသဘောအဖြစ် မီးရှို့လာကြတော့သည်။ ဆွဲရထားပေါ်ရှိ ဝါးညွှန့်ကို မီးရှို့ပြီး မီးပုံပွဲပမာ ဝိုင်းဝန်းအော်ဟစ်မြူးထူး ကခုန်ကာ ညဥ့်သန်းခေါင်ကျော်မှ ပြီးဆုံးသည့်ပွဲတစ်ခုဟု ဆိုရပါမည်။
(၄)
ရခိုင်ရိုးရာရထားပွဲအား လဆုတ်ရက်တွင် ကျင်းပပါက ဆိုးကျိုးများကိုဖြစ်စေသည်ဟု ရခိုင်စာပေများက ညွှန်းဆိုထားခဲ့၍ ရထားဆွဲပွဲကို မိမိတို့ဒေသအလိုက် ရက်အကန့်အသတ်မရှိ ကျင်းပနိုင်ပြီး လပြည့်နေ့ကို နောက်ဆုံးထား၍ ကျင်းပရသည်။ ရှေးက ဆွဲသောရထားကို တပို့တွဲလပြည့်ည သန်းခေါင်မကျော်မီ ရထားပြုလုပ်သူကိုယ်တိုင် မီးရှို့ဖျက်ဆီးရကြောင်း ကိုအောင်သာကျော် သိရှိထားသည်။
ရထားဆွဲရန် ရထားပုံသဏ္ဌာန် ကိုယ်ထည်အားသစ်သားများဖြင့် ပြုလုပ်ကြရပြီး မူလီဖြင့် ခိုင်ခံ့အောင်ဆွဲထားသည်။ ရှေ့ခေတ်ကာလ၌ သစ်သားတန်းများအား နွယ်ကြိုးဖြင့်ချည်ကြသည်။ အလျား ၅ တောင်၊ အနံ ၅ တောင် စသည်ဖြင့် ရထားကိုယ်ထည် အရွယ်အမျိုးမျိုး ရှိသည်။ ဆွဲရထား ရွေ့လျားနိုင်ရန် သစ်သားဘီးများ တပ်ဆင်ထားသည်။ ရထားဘီးကို ပိတောက်သား၊ ကုက္ကိုသား စသည့်သစ်မာများဖြင့် ပြုလုပ်ကြသည်။ ထုထည် တစ်တောင်လောက်ရှိသော သစ်သားဘီး ၄ ခုအား အပေါက်ဖောက်ပြီး ဝင်ရိုး တပ်ဆင်ရသည်။ အလယ်၌ တိုင်တစ်ခု စိုက်ထားရပြီး ထိပ်ဖျား၌ အလံနှင့် ဝါးပင်အညွှန့်များကို တပ်ဆင်ထားကြသည်။ ယင်းအလံတိုင်ကို ဆိုင်းကြိုး ၄ ကြိုးဖြင့်ချည်ထားပြီး ရထားတစ်ဖက်တစ်ချက်တွင် လူအများဆွဲနိုင်ဖို့ သင်္ဘောချည်ကြိုး ၃ ပင်ကနေ ၅ အပင်အထိ တပ်ဆင်ထားသည်။ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ တစ်ဖက်စီဆွဲနိုင်အောင်ကြိုးများ တပ်ဆင်ထားခြင်းဖြစ်သည်။ ရထားပွဲ၌ တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင်ဆွဲကြချိန် ရထားပေါ်၌ ဝါးပင် အညွှန့် ယိမ်းယိုင်နေသည်ကို ကြည့်ရသည်မှာ မျက်စိ ပသာဒ အလွန်ကြည့်ကောင်းလှပေသည်။ ညီညွှတ် စုပေါင်းခွန်အားနှင့် အားကစားစိတ်ဓာတ်ကို အခြေခံကာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ဆွဲကြချိန်ရထားမတိမ်းစောင်းရအောင် အားအင်ရှိ သူများက ရထားကို ဘေးမှထိန်းပေးကြရပြီး ထိုသူတို့ကို ရထားထိန်းဟုခေါ်ကြသည်။ 
ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခံ့အောင် သစ်သားဘီးလုံးကြီးများဖြင့် တွဲဆက်ကာ ခိုင်ခန့်အောင် ပြုလုပ်ရပြီး ရထားအလယ်၌ ဝါးညွှန့်ပင်ကို စိုက်ထူကာရထား တစ်ဖက်တစ်ချက်၌ ကြိုးဖြင့်ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှ တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် အနိုင်မခံ အရှုံးမပေးကြိုးဖြင့်ဆွဲရသော အားပြိုင်ပွဲ ဖြစ်သကဲ့သို့ ပျော်ရွှင်ကြည်နူးစဖွယ် ရိုးရာပွဲဖြစ်ပြီး အနိုင်ရတဲ့ဘက်က ရှုံးတဲ့ဘက်ကို သရော်လှောင်ပြောင် ရိုးရာသံချပ်ထိုးကြခြင်းမှာလည်း ရွာသူရွာသားအချင်းချင်း၊ မြို့သူမြို့သားအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပိုမိုတိုးပွားကြရသည်။ ညီညွတ်စုပေါင်းခွန်အားနှင့် အားကစား စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကိုအခြေခံကာ ယှဉ်ပြိုင် ကြသည်။ ရခိုင်ရိုးရာ ရထားဆွဲပွဲကို ဦးဆောင်ကျင်းပသည့် ရပ်ရွာအနေနှင့် ၃ နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရခိုင်ရိုးရာ အစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် ရထားဆွဲပွဲ မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းသင့်ကြောင်း ကိုအောင်သာကျော်စိတ်ထဲ၌ အကြိမ်ကြိမ်ရေရွတ်နေမိသည်။ 
အချုပ်အားဖြင့် ရှေးခေတ်ရခိုင်တို့သည်ရထား ဆွဲပွဲကိုကျင်းပခြင်းအားဖြင့် လယ်ယာသီးနှံများ အထွက်တိုးခြင်း၊ ကောက်ပဲသီးနှံ ဆန်ရေစပါးများပေါများခြင်း၊ တိုင်းပြည်နိုင်ငံအေးချမ်းသာယာခြင်း၊ အောင်မြင်နိုင်စေခြင်း စသည့် ကောင်းခြင်းမင်္ဂလာများ ပြည့်စုံ စေသည်ဟု ယုံကြည်ချက်များဖြင့် ရထားဆွဲပွဲကို ကျင်းပခဲ့သည်ဟု လေ့လာတွေ့ရှိရသည်။ ရထားဆွဲပွဲကိုဆင်နွှဲခြင်းအားဖြင့် စည်းလုံးညီညွတ်မှု၊ တက်ကြွနိုးကြားမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများစသော ကောင်းကျိုးများကို ရရှိစေသည်။ သို့ဖြစ်၍လည်း ရှေးရခိုင် မင်းအဆက်ဆက် စဉ်ဆက်မပြတ် ကျင်းပခဲ့ကြသည်။ 
(၅)
ယနေ့အချိန် ရခိုင်ပြည်နယ်၌ နှစ်ဖက်တိုက်ပွဲများ၏ သေနတ်သံ၊ ယမ်းငွေ့များအကြား ရခိုင်ရိုးရာ ရထားဆွဲပွဲ တစ်ဖန်ပျောက်ကွယ်လုနီးပါးဖြစ်လာနေသည်။ သေနတ်သံများဆိတ်သုဉ်းနေမှသာ ရိုးရာရထားပွဲကို ပျော်ရွှင်စွာဆင်နွှဲနိုင်ကြမည်ဖြစ်သည်။ သို့မဟုတ်ပါက သေနတ်သံ၊ အမြောက်သံများအကြား ရခိုင် ရိုးရာရထားပွဲ ပျောက်ကွယ်သွားနိုင်၍ ဒေသအတွင်း တည်ငြိမ်ငြိမ်းချမ်းမှုရှိလာစေရန် လက်နက်ကိုင် ပြဿနာ၏ ဇာစ်မြစ်ကို နိုင်ငံရေးနည်းအားဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အမြင်မတူခြင်း၊ ခံယူချက်၊ ခံစားချက် မတူသည်များကို ဘေးဖယ်ထားကြပြီး အမြင် တူသည်များကို နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းရေး စကားလုံးများဖြင့် အဖြေရှာနိုင်ကြပါစေလို့ ကိုအောင်သာကျော်အနေနှင့် ဝင်္ကပါကွင်းကိုကြည့်နေရင်း ရင်ထဲ၌ အကြိမ်ကြိမ် ဆုတောင်းနေမိပါတော့သည်။ 
အောင်ကြည်မိုး (စစ်တွေ)

Source : The Voice