fbpx

ကြံ့ခိုင်ရေးပါတီ၏ ခြေ/ဥ ပြင်ဆင်ချက်တစ်ခု ၎င်းတို့ကိုယ်တိုင် ပြန်လည်ကန့်ကွက်

နေပြည်တော်၊ မတ် ၁၉
အခြေခံဥပဒေပြင်ဆင်ချက်များအတွင်းမှ အချက်တစ်ခုကို ကြံ့ခိုင်ရေးပါတီသည် ၎င်းတို့ကိုယ်တိုင်တင်ပြထားပြီး ၎င်းတို့ကိုယ်တိုင် ပြန်လည်ကန့်ကွက်မဲထည့်ခဲ့ရကြောင်း ပြင်ဆင်ချက်တင်သွင်းသူ ကြံ့ခိုင်ရေးပါတီဝင် ဒေါက်တာမောင်သင်းက မီဒီယာများကို ပြောကြားခဲ့သည်။
“အန်ကယ်တို့ကိုယ်တိုင် ရေးထုံးသဘောအရ တိမ်းစောင်းတာကို အန်ကယ်တို့ကိုယ်တိုင် မထောက်ခံခဲ့ဘူး။ ဒါကြောင့် အန်ကယ်တို့ မဲက ၃၀ ပဲ ရတာ။ ဒီသဘောကို နည်းနည်းပါးပါး ချွတ်ချော်သွားတဲ့ သဘောလေးတွေရှိနေတော့ ဒီသဘောကို ဂဃနဏ မသိတဲ့သူတွေကျတော့ မဲပေးခဲ့မိတယ်လို့ထင်ပါတယ်” ဟု ဒေါက်တာမောင်သင်းက ဆိုသည်။
အခြေခံဥပဒေပါ ပုဒ်မ ၃၂၂ (ခ)၏ မူလပြဋ္ဌာန်းချက်တွင် ‘ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ စိစစ်ခြင်း’ ဟူ၍ ဖြစ်သည်။
ယင်းပုဒ်မနေရာတွင် ‘ဥပဒေပြုအာဏာပိုင်ဖြစ်သော လွှတ်တော်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း’ ဟု ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီကိုယ်စား ဒေါက်တာဦးမောင်သင်းက တင်သွင်းထားခြင်းဖြစ်သည်။
ပြင်ဆင်ချက်တင်သွင်းချိန်က ကြံ့ခိုင်ရေးပါတီဝင်များအပါအဝင် တပ်မတော် သား ၂၅ ရာခိုင်နှုန်း အစုအဖွဲ့ကပါ ပြင်ဆင်ချက်ကိုလက်ခံ၍ လွှတ်တော်သို့တင်ပြထားခြင်းဖြစ်သော်လည်း ယနေ့တွင် ယင်းပြင်ဆင်ချက်ကို မဲခွဲရာ၌ ထောက်ခံမဲ ၃၀ သာရရှိပြီး ကြံ့ခိုင်ရေးပါတီအပါအဝင် တပ်မတော်ကပါ ကန့်ကွက်လိုက်ရခြင်း ဖြစ်သည်။
“အန်ကယ်တို့ကတင်တာက အဲဒီ ၃၂၂ မှာ မူလအဆိုပြုချက်က ပြည်ထောင်စု အဆင့်လွှတ်တော်များနဲ့ တိုင်းဦးစီးအဖွဲ့၊  ဒေသဦးစီးအဖွဲ့တို့ရဲ့ ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိဆိုတာကို ဘယ်လိုပြင်လိုက်လဲဆိုတော့ အဲဒီ ဥပဒေတင် မဟုတ်ဘူး။ အဲဒီပြည်ထောင်စု အဆင့်အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကိုပါ အဲဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရန်ဆိုပြီးတော့ တင်လိုက်တယ်။ တင်တဲ့အခါမှာ ရေးထုံးသဘော အရ (ခ) နေရာမှာ ရှိသင့်တဲ့အတွက်ကြောင့် (ခ)နေရာမှာ ထည့်လိုက်တာ” ဟု ဒေါက်တာမောင်သင်းက မဲခွဲဆုံးဖြတ်ပြီးချိန်တွင် မီဒီယာများကို ပြောပြခဲ့သည်။
ယင်းပြင်ဆင်ချက်တွင် ဥပဒေရေးထုံးအရ တိမ်းစောင်းမှုရှိနေပြီးနောက် ပြန်လည်ပြင်ဆင်ချက်တင်ရန် အချိန်နောက်ကျသွားကြောင်း၊ ထို့ကြောင့် ၎င်းတို့ပါတီကိုယ်တိုင်က ယခုကဲ့သို့ ကန့်ကွက်မဲထည့်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဆရာဒေါက်တာမောင်သင်းတို့ တကယ်တင်ချင်တာကကျတော့ အသစ်ဖြည့်စွက်ချက်အနေနဲ့ တင်ချင်တာ။ ဒါပေမဲ့ ရေးထုံးပိုင်းဆိုင်ရာ မှားသွားတာပေါ့၊ ရေးထုံးပိုင်းဆိုင်ရာမှာကျတော့ အစားထိုးရမယ်ဆိုတဲ့အခါကျတော့ နဂိုရှိပြီးသားဟာကို ပယ်ဖျက်လိုက်သလိုဖြစ်သွားတယ်။အဲတော့ ဒီကိစ္စလေးနဲ့ ပတ်သက်လို့ကလည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ပြီးတော့ ဒုတိယရှေ့နေချုပ် ဦးဆောင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အစည်းအဝေးတွေလည်း အကြိမ်ကြိမ်လုပ်တယ်။ အကြိမ်ကြိမ် လုပ်တဲ့အခါမှာလည်း ဆရာဒေါက်တာမောင်သင်းတို့အနေနဲ့လည်း ဒီအချက်အလက်လေးကို မတွေ့ခဲ့ဘူး။ မတွေ့ခဲ့တဲ့အခါကျတော့ မတင်ပြခဲ့ဘူး။ မတင်ပြခဲ့တဲ့အခါကျတော့ လွန်သွားတာပေါ့” ဟု NLD ပါတီဝင် ဒေါက်တာမြတ်ဉာဏစိုးက ပြောပြသည်။
မတ် ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေ၏ ပြင်ဆင်ရေးပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၃ ခုနှင့် ခြေဆင်းတစ်ခုကို ပြင်ဆင်ရာတွင် ပုဒ်မ ၃၄၄ ပါ ဥပဒေစာသားတွင် ‘မသန်မစွမ်း’ ဟူသော စကားလုံးအား ‘မသန်စွမ်း’ ဟုသာ ပြင်ဆင်နိုင်ခဲ့သည်ကို တွေ့ရသည်။
ယင်းစာသား ပြင်ဆင်ချက်ကို တပ်မတော်သားများကပါ ထောက်ခံသဖြင့် ထောက်ခံမဲ ၅၇၄ မဲရရှိပြီး ၈၇ဒသမ ၇၇ ရာခိုင်နှုန်းရရှိခဲ့သည်။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မ၊ ပုဒ်မခွဲ စုစုပေါင်း (ခြေဆင်းအပါ အဝင်) ၁၃၅ ခုကို မဲခွဲဆုံးဖြတ်လာခြင်းတွင်  ၈ ရက် မြောက်နေ့( မတ် ၁၉) အထိ အရေး ကြီးသည့်ပုဒ်မနှင့် ပုဒ်မခွဲများကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိသေးပေ။ နောက်ဆုံးပြင်ဆင်ရန် ကျန်ရှိသည့်ပုဒ်မ၊ ပုဒ်မခွဲ စုစုပေါင်း ၁၄ ခု ကို မတ်လ ၂၀ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ဦးမည်ဖြစ်သည်။
S-01

Source : The Voice