fbpx

စီးတီးတက္ကစီမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကို ဧပြီလကုန်အထိ ခေတ္တဆိုင်းငံ့မည်

ရန်ကုန်၊ မတ် ၁၉
ကိုရိုနာဗိုင်းရပ်စ်ကြောင့် City Taxi လုပ်ငန်းများနှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်သက်တမ်းတိုးခြင်း များကို ဧပြီလကုန်အထိ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်ကပြောကြားသည်။
အဆိုပါ City Taxi လုပ်ငန်းများနှင့်ပတ်သက်၍ ခေတ္တဆိုင်းငံ့မှုကို ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများသိရှိစေရန် မတ်လတတိယအပတ်မှစတင်ကာ YRTA ရုံးတွင် ဗီနိုင်းများဖြင့် ချိတ်ဆွဲကာ ထုတ်ပြန်ကြေညာပေးထားကြောင်း YRTA ထံမှ သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆောင်ရွက်မှု ဆိုင်းငံ့ကာလအတွင်း စီးတီးတက္ကစီယာဉ်သစ်အဖြစ် မှတ်ပုံတင်မည့်ယာဉ်များနှင့် စီးတီးတက္ကစီသက်တမ်းတိုး စေ့ရက်ရောက်သော စီးတီးတက္ကစီယာဉ်များကို ပျက်ကွက်မှုအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်းနှင့် အများပြည်သူကျန်းမာရေးဆိုင်ရာ လိုအပ်မှုကြောင့် ဆောင်ရွက်မှုမပြုနိုင်ခြင်းအတွက် မည်သည့်ဒဏ်ကြေးငွေမှ ကောက်ခံခြင်း ပြု လုပ်မည်မဟုတ်ကြောင်း YRTA ထံမှ သိရသည်။
ထို့ပြင် ခေတ္တဆိုင်းငံ့ကာလပြည့်မြောက်ပြီး လုပ်ငန်းများပြန်လည်စတင်ချိန်တွင် စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ပေးခြင်း၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းများကို စေ့ရက်ရောက်သောကာလမှ စတင်၍ ပုံမှန်ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YRTA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်လိုင်စင်ကိုင် Taxi ယာဉ်များမှာ City Taxi မှတ်ပုံတင်ခြင်းနှင့် တစ်နှစ် ၁ ကြိမ် သက်တမ်းတိုးရပြီး ယခုလက်ရှိရန်ကုန်မြို့တွင် ရန်ကုန်လိုင်စင်ကားများအပြင် ပဲခူးလိုင်စင်၊ ဧရာဝတီတိုင်းလိုင်စင်၊ မန္တလေး လိုင်စင်၊ ကရင်ပြည်နယ်လိုင်စင်များဖြင့် တက္ကစီများပြေးဆွဲနေကြောင်း တက္ကစီယာဉ်မောင်းများထံမှ သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ကောက်ယူထားသည့် စာရင်းများအရ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် စီးတီးတက္ကစီ ယာဉ်အစီးရေမှာ ၆၇၀၈၅ စီးရှိပြီး နယ်လိုင်စင်တက္ကစီအရေအတွက်ကိုမူ စာရင်းအတိအကျမသိရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
S-05

Source : The Voice