fbpx

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ကုသရေး ပဲခူးတိုင်းအစိုးရ အရေးပေါ်ရန်ပုံငွေ တစ်ဘီလီယံလျာထား

တောင်ငူ၊ မတ် ၁၉
ပဲခူးတိုင်းအစိုးရအဖွဲ့အနေနှင့် ကိုရိုနာဗိုင်းရပ်စ် Covid-19 ဖြစ်ပွားပါက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများပြလုပ်ရန်အတွက် အရေးပေါ်ရန်ပုံငွေကျပ်တစ်ဘီလီယံ လျာထားကြောင်း ထုတ်ပြန်လိုက်သည်။
ပဲခူးမြို့တော်ဝန်ဟံသာခန်းမ၌ မတ်လ ၁၉ ရက် မွန်းလွဲပိုင်းကပြုလုပ်သော ပဲခူးတိုင်းအစိုးရအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးအတွက် သုံးစွဲရန် ကျန်းမာရေးဦးစီးဌာနသို့ ကျပ် သိန်း ၅၀၀ ပေးအပ် လှူဒါန်းပွဲကျင်းပခဲ့ပြီးနောက် ယင်းကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“Covid-19 နဲ့ပတ်သက်ပြီး ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေကို စနစ်တကျပြင်ဆင်ထားဖို့ လိုအပ်တယ်”ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
ယင်းအခမ်းအနားတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ ကို ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့်  ပဲခူးဆေးရုံအုပ်ကြီးတို့က လက်ခံရယူခဲ့သည်ဟု ပဲခူးတိုင်း အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
တိုင်းအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် ကျပ်သိန်း ၅၀၀ အပြင် အရေးပေါ်ရန်ပုံငွေ ကျပ်တစ်ဘီလီယံ ကြိုတင်လျာထားပြီးဖြစ်၍ အခြေအနေပေါ်မူတည်ကာ ကော်မတီ၏တင်ပြချက်များအရ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ထားသည်ဟု ပဲခူးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပြောကြားသည်။
ပဲခူးတိုင်းရှိ မြို့နယ်အချို့တွင် ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် စောင့်ကြည့်လူနာကိုးဦးရှိခဲ့ပြီး ရောဂါပိုးတွေ့သူ မရှိ သေးသော်လည်း ပဲခူးမြို့ ကလိကျေးရွာအနီးတွင် ဆောက်လုပ်နေသည့် ခြောက်ထပ်ဆေးရုံအနောက်ဘက်ရှိ ရုံးအဆောက်အအုံသစ်ကို စောင့်ကြည့်လူနာများ ထားရှိရန် စီစဉ်ထားပြီးဖြစ်ကြောင်း ပဲခူးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ 
R-02

Source : The Voice