fbpx

ခန္တီး ပယင်းမှော်တွင် မူးယစ်ဆေးရောင်းသူများကိုသာ အရေးယူပြီး သုံးစွဲသူများကို နေရပ်ပြန်ပို့

မန္တလေး၊ မတ် ၂၁
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ပယင်းမှော်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများကို ဖမ်းဆီးရမိခဲ့ရာတွင် ရောင်းချသူလေးဦးကို ဥပဒေအရ အရေးယူခဲ့ပြီး သုံးစွဲသူ ၅၀ ကျော်ကို မတ် လ ၂၁ ရက်နေ့တွင် နေရပ်ပြန်ပို့ခဲ့ကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
“ခန္တီးကနေ အမြန်ရေယာဉ်နဲ့ ပြန်ပို့တာ ၁၈ ဦး၊ နန့်စီပွန်မှာ ၁၇ ဦး၊ ဖားကန့် ဘက်ကို ၂၀ ဦးပေါ့။ စနစ်တကျနဲ့ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဒုတိယအုပ်ချုပ်ရေးမှူး ဦးဖိလစ်ဝင်းက ပြောကြားသည်။
မူးယစ်ဆေးရောင်းချသူလေးဦးနှင့် မူးယစ်ဆေးသုံးစွဲသူများကို မတ်လ ၁၉ ရက်နေ့တွင် မှော်လုပ်သားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးရောင်းသူများကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အပ်နှံကာ မူးယစ်ဆေးသုံးသူများကို မူလနေရပ်သို့ ပြန်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပယင်းမှော်ဒေသခံများထံမှ သိရသည်။
၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မနှင့် ပေါမိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ (MANA) တို့ ပူးပေါင်းစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
နေရပ်ပြန်ပို့ခံရသူများကို ခန္တီးမြို့မ ဘုန်းကြီးကျောင်းတိုက်တွင် တစ်ညအိပ်ခွင့်ပြုခဲ့ပြီး ပူးပေါင်းအဖွဲ့က အစားအသောက်၊ အဝတ်အထည်နှင့် ခရီးစရိတ်များ စီစဉ်ပေးကြောင်း ကူညီပေးခဲ့သူများထံမှ သိရသည်။
မူးယစ်ရောင်းဝယ်သူလေးဦးကိုမူ ခန္တီးမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။
S-02

Source : The Voice