fbpx

ပဲခူးစက်မှုဇုန်တွင် တရုတ်နိုင်ငံသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးခဲ့သည်ဟု မမှန်သတင်းဖြန့်ဝေသူများကို အရေးယူမည်

တောင်ငူ၊ မတ်၂၂
ပဲခူးမြို့နယ် စက်မှုဇုန်နယ်မြေအတွင်း၌ မတ်လ ၂၀ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟုဆိုကာ မမှန်သတင်းဖြန့်သူများကို အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း အဆိုပါစက်မှုဇုန်နယ်မြေ  စီမံခန့်ခွဲရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
“ကြိုတင်ကာကွယ်တာ၊ လေ့လာစောင့်ကြည့်စစ်ဆေးတာတွေ စနစ်တကျလုပ်ထားပါတယ်။ ဒါကို ဝူဟန်ကြောင့် သေတယ်ဆိုပြီး သတင်းမှားတွေတင်တော့ စက်ရုံလုပ်သားတွေကို ထိန်းရတာခက်ခဲပါတယ်။ ဒါကြောင့် မဟုတ်မမှန်သတင်းတင်သူတွေကို တည်ဆဲဥပဒေနဲ့အရေးယူ ဖို့ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ပဲခူးစက်မှုဇုန်နယ်မြေအတွင်း တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားအချို့ နေထိုင်လုပ်ကိုင်လျက်ရှိရာ မတ်လ ၂၀ ရက်နေ့နံနက်က တရုတ်နိုင်ငံသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သဖြင့် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီက အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရသည်။
ပဲခူးစက်မှုဇုန်ရှိစက်ရုံများတွင် မည်သည့်နိုင်ငံခြားသား (တစ်ဦးတစ်ယောက်) မျှ သေဆုံးမှုမရှိကြောင်း နှင့် စက်ရုံများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် မမှန်သတင်းများကို မယုံကြည်ရန် အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် တရုတ်နိုင်ငံသို့ နှစ်ကူးပြန်သွားသည့် တရုတ်နိုင်ငံသားများသည် ပဲခူးစက်မှုဇုန်သို့ ဖေဖော်ဝါရီလဆန်းပိုင်း ကစ၍ ပြန်လည်ရောက်ရှိလာကြောင်း၊ ၎င်းတို့အနေနှင့် ၁၄ ရက်ကြာ စောင့်ကြည့် စစ်ဆေးမှုခံယူခိုင်းထားပြီးဖြစ်ကြောင်း စက်မှုဇုန်နယ်မြေ စီမံခန့်ခွဲမှုကော်မတီထံမှ စုံစမ်းသိရှိရသည်။
ပဲခူးစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသား ၈၀ဝ ကျော်အနက် ၄၀ဝ ကျော်သည် နှစ်ကူးချိန်တွင် တရုတ်သို့ ပြန်သွားခဲ့ကြပြီး ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။  
R-02

Source : The Voice