fbpx

မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) နှင့် မယ်ဆိုင် တာချီလိတ် အမှတ်(၂) မယ်ဆိုင်ချောင်းကူးတံတားတို့မှ COVID-19 ရောဂါကင်းရှင်းသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးစီသာဖြတ်သန်းခွင့်ပြု

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) အားတွေ့ရစဉ် (ဓာတ်ပုံ–စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) နှင့် မယ်ဆိုင် တာချီလိတ် အမှတ်(၂) မယ်ဆိုင်ချောင်းကူးတံတားတို့မှ COVID-19 ရောဂါကင်းရှင်းသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးစီသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၃ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ်(၁) အား မတ် ၂၁ ရက် ညသန်းခေါင်အချိန်မှစ၍ လူ၊ ယာဉ် ဖြတ်သန်းမှု တရားဝင်ပိတ်ခဲ့ပြီး ချစ်ကြည်ရေး တံတား အမှတ်(၂) ကို ဖွင့်လှစ်ခဲ့ကြောင်း၊ ယနေ့  မတ် ၂၃ ရက်မှစတင်၍ အဆိုပါ ချစ်ကြည်ရေးတံတား အမှတ်(၂) အား ကုန်တင်ယာဉ်၊ COVID-19 ရောဂါ ကင်းရှင်းကြောင်း လက်မှတ်ရရှိထားသူ ယာဉ်မောင်း တစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးတို့ကိုသာ ဖြတ်သန်းခွင့်ပြုပြီး လူဖြတ်သန်းမှုများကို တရားဝင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့အကြား ဖွင့်လှစ်ထားသော အမှတ်(၁) ချစ်ကြည်ရေးတံတား အားယနေ့ မတ် ၂၃ ရက်မှစ၍ လူ၊ ယာဉ်၊ ယန္တရားနှင့်ကုန်စည်များ ဖြတ်သန်းသယ်ယူပို့ဆောင်ခြင်း၊ ဝင်ထွက်သွားလာခြင်းအားလုံးကို ယာယီဆိုင်းငံ့ထားပြီး မတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေညာချက်အရ ယာယီဆိုင်းငံ့ခဲ့သည့် အမှတ် (၂) မယ်ဆိုင် ချောင်းကူးတံတားအား အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက် ရရှိပြီးသည့် ကုန်စည်များ တင်ဆောင်ထားသော မော်တော်ယာဉ်နှင့် ယာဉ်မောင်းတစ်ဦးသာ ဖြတ်သန်းနိုင်မည်ဖြစ်ပြီး အခြား လူ၊ ယာဉ်၊ ယန္တရားနှင့် ကုန်စည်များဖြတ်သန်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဝင်ထွက်ခြင်းအား ဆိုင်းငံ့ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Source : Xinhua Myanmar