fbpx

COVID-19 ကပ်ဘေးကာလ အမေရိကန်အလုပ်လက်မဲ့နူန်း ၂ နှစ်ခွဲအတွင်း အမြင့်ဆုံးစံချိန်တင်

ဝါရှင်တန်၊ မတ် ၂၂
အမေရိကန်အလုပ်လက်မဲ့နှုန်းနှင့် ပတ်သက်၍ အစိုးရက သီတင်းပတ်စဉ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ဗိုင်းရပ်စ် ကူးစက်နေမှု အချိန်တွင် ၂ နှစ်ခွဲအတွင်း အလုပ်လက်မဲ့ အများဆုံးအဖြစ် စံချိန်တင်သွားခဲ့ကြောင်း ဖော်ပြထားသည်။ 
မတ်လ ၁၄ နောက်ပိုင်းတွင် အလုပ် လက်မဲ့ ခံစားခွင့်အတွက် လာရောက်စာရင်းပေးသူ အမေရိကန် ၂၈၁,၀၀၀ ဦးရှိကြောင်း အမေရိကန်အလုပ်သမားရေးရာဌာနက ထုတ်ပြန်ထားသည်။ 
ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် အလုပ်လက်မဲ့ဖြစ်သွားကြောင်း လူခုနစ်သောင်းက ပြောကြားခဲ့ရာ စီးပွားရေးပညာရှင်များ ခန့်မှန်းသည်ထက် ခြောက်သောင်းပိုခဲ့သည်။ 
အလုပ်လက်မဲ့နှုန်းတက်လာခြင်းသည် COVID-19 ရောဂါ ကူးစက် ပြန့်ပွားခြင်း၏ သက်ရောက်မှုဖြစ်ကြောင်း အလုပ်သမားရေးရာဌာနက ထုတ်ပြန်ထားသည်။ 
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ခင်က အမေရိကန် လုပ်သားဈေးကွက်သည် တည်ငြိမ်ခိုင်မာမှု အတော်အတန်ရှိခဲ့သည်။
ယခုအခါ အလုပ်လက်မဲ့ဦးရေက ၃၃ ရာခိုင်နှုန်း တိုးသွားခဲ့ရာ ၁၉၉၂ နောက်ပိုင်းတွင် ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်ခဲ့သည်။ 
အမေရိကန်ပြည်ထောင်စုသည် COVID-19 ကူးစက်ခံရမှုတွင် တတိယအမြင့်ဆုံးနိုင်ငံအဆင့်သို့ ရောက်သွားပြီဖြစ်ကာ စီးပွားရေးထိခိုက်မှုများ အခြားနိုင်ငံများနည်းတူ ရှိခဲ့သည်။ 
အမေရိကန်တစ်လွှား ကူးစက်ခံရမှုအကြိမ်ရေ ၂၆,၈၉၂ ရှိနေပြီး သေဆုံးသူ ၃၄၈ ဦး ရှိနေသည်။ 
တစ်ကမ္ဘာလုံးတွင် ကူးစက်မှုဖြစ်စဉ် သုံးသိန်းရှစ်ထောင်ကျော်သွားခဲ့ကာ သေဆုံးမှု တစ်သောင်းသုံးထောင်ကျော် ရှိခဲ့သည်။ 
ကုသပျောက်ကင်းသူ ကိုးသောင်းခွဲရှိထားပြီး ကပ်ရောဂါ လျင်မြန်စွာ ကူးစက် နေသောအခြေအနေတွင် မနိုင်မနင်းဖြစ်ရပ်များ ကြုံရလျက်ရှိသည်။
F-02

Source : The Voice