fbpx

ထိုင်းနိုင်ငံမှပြန်လာသူတစ်ဦးကို ကျောက်ဆည်ရှိနေအိမ်တွင် ၁၄ ရက် စောင့်ကြည့်မည်

မန္တလေး၊ မတ်  ၂၃
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီးနောက် ကျောက်ဆည်မြို့ မြင်စိုင်းအလယ်ရပ်ရှိနေအိမ်သို့ ပြန်လာသူအမျိုးသားကို ၎င်း၏နေအိမ်တွင် နေထိုင်စေပြီး ၁၄ ရက် စောင့်ကြည့်မည်ဖြစ်ကြောင်း ကျောက်ဆည်မြို့ မြင်စိုင်းအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးက ပြောကြားသည်။
ယင်းအမျိုးသား၏ ကျန်းရေးကိစ္စရပ်များကိုစစ်ဆေးရာတွင် ကျန်းမာရေးကောင်းမွန်ကြောင်း၊ သို့သော် ၁၄ ရက်အတွင်း နေအိမ်မှ မည်သည့်ခရီးမျှမသွားရန် အသိပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုင်းနိုင်ငံမှပြန်လာသူ အမျိုးသားတစ်ဦး ကျောက်ဆည်မြို့ မြင်စိုင်းအလယ်ရပ်မှာ ညကရောက်ရှိနေကြောင်းသိရ၍ အုပ်ချုပ်ရေးမှူးမှ သွားရောက် စစ်ဆေးရာ အတွေ့မခံဘဲဖြစ်နေပါတယ်ဟု ကျောက်ဆည်သတင်း လူမှုကွန်ယက်စာမျက်နှာတွင် Facebook သုံးစွဲသူတစ်ဦးက တင်ပြထားခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“ရှောင်နေတာတော့မဟုတ်ဘူး။ သူက မနေ့(မတ် ၂၂) ကရောက်တယ်။ သူ့ကလေးတွေက မြစ်သားအနောက်ဘက်ကရွာမှာ အလှူပါတော့ အဲဒီကိုသွားနေတာပါ”ဟု မြင်စိုင်းအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးက ရှင်းပြသည်။
အဆိုပါအမျိုးသားမှာ ထိုင်းနိုင်ငံတွင် ခုနစ်လခွဲခန့် သွားရောက်အလုပ်လုပ်ကိုင်ရာမှ ကျောက်ဆည်မြို့သို့ ပြန်ရောက်လာခြင်းဖြစ်သည်။
ကျောက်ဆည်မြို့နယ် ကတ္တာကျေးရွာတွင်လည်း တရုတ်နိုင်ငံမှပြန်လာသော ကြံခုတ်လုပ်သားများကို မတ်လ ၂၁ ရက်နေ့က  ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း နိုင်ငံခြားမှပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကို ဆောင်ရွက်ရန်မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကူးစက်ပြန့်ပွားလျက်ရှိသောနိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂအဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များကို သက်ဆိုင်ရာနေအိမ်များတွင်သာနေထိုင်စေ၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လိုက်နာရန်အချက်များကို တိတိကျကျလိုက်နာရန် မှာကြားထားပြီးဖြစ်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
S-02

Source : The Voice