fbpx

မလေးရှားမှ ပြန်လာမည့်မြန်မာများကိုလည်း ၁၄ ရက် စောင့်ကြည့်မည်

ရန်ကုန်၊ မတ် ၂၃
ထိုင်းနိုင်ငံမှပြန်လာသူများကဲ့သို့ မလေးရှားနိုင်ငံမှ ပြန်လာမည့် မြန်မာနိုင်ငံသားများအားလုံးကို နေအိမ်တွင် ၁၄ ရက်စောင့်ကြည့်မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် မတ်လ ၁၉ ရက်နေ့မှ စတင်ကာ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာကာ ၎င်းတို့ကို နေအိမ်များတွင် ၁၄ ရက် အသွားအလာကန့်သတ်မှုများဖြင့် စောင့်ကြည့်မည်ဖြစ်ပြီး မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများဖြင့်သော်လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားဆဲဖြစ်သည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှသော်လည်းကောင်း ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားအားလုံးကို နေအိမ်များတွင် (၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ကို ပြုလုပ်သွားမည်ဖြစ်သည်။
မြဝတီနယ်စပ်ဂိတ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းအင်အားများကို တိုးမြှင့်ပြီး ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေးစိစစ်မှုများကို ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံသို့ပြန်လာမည့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးကြေညာချက်ပုံစံ (Health Declaration Form) တွင် လိုအပ်သည့် အချက်အလက်များအပါအဝင် အချိန်အခါမရွေး ဆက်သွယ်ရနိုင်မည့် နေရပ်လိပ်စာ၊ ဖုန်းအမှတ်များကို စနစ်တကျ ဖြည့်စွက်မှတ်တမ်းတင်ခြင်း၊ နေအိမ်များတွင် (၁၄) ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု (Home Quarantine) များကို တိကျစွာလိုက်နာကြရန်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
နေအိမ်များတွင် ၁၄ ရက် စောင့်ကြည့်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြည်သူလူထုနှင့်ပူးပေါင်းကာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ကို တိကျစွာလိုက်နာမှု ရှိ/မရှိ ကြပ်မတ်ဆောင်ရွက်နိုင်ရန်လည်း စီစဉ်ထားသည်။
ထိုင်းနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ငါးရာကျော်၊ မလေးရှားနိုင်ငံတွင် ကူးစက်ခံရသူ ၁၂၀၀ ကျော်အထိ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
S-09

Source : The Voice