fbpx

စစ်ကိုင်းတိုင်းတွင် နိုင်ငံခြားမှပြန်လာသူ သုံးထောင်ကျော်ရှိ၊ သီးခြားနေထိုင်ကြရန် သတိပေး

မုံရွာ၊ မတ် ၂၃ 
စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရပ်ခြားမှ ပြန်လာသူ လတ်တလောတွင် ၃၀၀၀ ကျော်ရှိနေရာ ၎င်းတို့အနေနှင့် မိသားစုနှင့်ခွဲ၍ သီးခြားနေထိုင်ရန်လိုကြောင်း စစ်ကိုင်းတိုင်းကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဒေါက်တာ ညိမ်းညိမ်းအေးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုဖြင့်သေဆုံးသည့် အတည်ပြုလူနာမရှိသေးသော်လည်း နိုင်ငံရပ်ခြားမှ ပြန်လာသူများအနေနှင့် မီသားစုနှင့် ၁၄ ခွဲ၍ သီးခြားနေသင့်ကြောင်း ၎င်းက ပြောဆိုသည်။ 
စစ်ကိုင်းတိုင်းအတွင်းသို့ နိုင်ငံရပ်ခြားမှပြန်လာသူအရေအတွက်မှာ ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ၃၁၂၆ ဦးရှိကြောင်း၊ အဆိုပါစာရင်းမှာ အတိအကျမဟုတ်နိုင်ဘဲ ဌာနဆိုင်ရာများအနေဖြင့် လွတ်သွားနိုင်ခြေလည်းရှိသဖြင့် ပြည်သူများကပူးပေါင်း ပါဝင်ရန်လိုကြောင်းလည်း ဒေါက်တာညိမ်းညိမ်းအေးက အသိပေးပြောဆိုသည်။
“စားသောက်နေထိုင်တာ၊ အိမ်သာတက်တာကအစ ခွဲခြားရမှာ။ သူတို့ဆီကထွက်တဲ့ အမှိက်တွေကိုလည်း မီးရှို့ရမယ်။ ဒီ ၁၄ ရက်အတွင်း ဖျားနာတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်မအီမသာ ပျိုအန်တာမျိုးဖြစ်လာရင် ဆေးရုံလာပြသဖို့လိုတယ်”ဟု လည်း ၎င်းကရှင်းပြသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid 19  သည် တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူသုံးသိန်းကျော်နေပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် ကူးစက်ခံထားရကြောင်း၊ ယင်းရောဂါကူးစက်မှုမရှိသေးသည့် နိုင်ငံအနည်းငယ်သာကျန်တော့ရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါရောဂါဖြစ်လာနိုင်သဖြင့် စည်းရုံးရေးအသွင်ဖြင့် ကြိုးစားပေးကြရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က မတ်လ ၂၃ နေ့တွင်ကျင်းပသည့် Coronavirus Disease 2019 (COVID 19) ဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 
“ဒီရောဂါဝင်လာခဲ့ရင် စီးပွားရေး၊ လူမှုရေး ကျန်းမာရေးအကုန်လုံး တော်တော်ကိုကျော်အောင်လုပ်ရမှာ။ ဧပြီ ၃၀ မတိုင်ခင် ဘာမှမဖြစ်အောင် ဝိုင်းဝန်းအကျိုးဆောင်ပေးကြပါ၊ ပြည်သူတွေပူးပေါင်းပါဝင်မှုမရရင် ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး၊ ဒါ့ကြောင့် စည်းရုံးရေးအသွင်နဲ့သွားပေးကြပါ”ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။ 
ကိုရိုနာဗိုင်းရပ်ရောဂါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၁၉ ဒီဇင်ဘာလကုန်ပိုင်းကစတင်ဖြစ်ပွားခဲ့ပြီး သုံးလအကြာတွင် ကမ္ဘာ့နိုင်ငံ အများစုသို့ ပြန့်နှံ့သွားကာ သေဆုံးသူတစ်သောင်းလေးထောင်ကျော်ရှိသွားပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။ 
စစ်ကိုင်းတိုင်းအတွင်း နိုင်ငံခြားမှပြန်ရောက်လာသူအများဆုံးဖြစ်သည့်မြို့နယ်မှာ ထီးချိုင့်မြို့နယ်ဖြစ်ပြီး ဒီပဲယင်း၊ ဘုတလင်၊ ကနီတို့လည်း ပါဝင်ကြောင်း စစ်ကိုင်းတိုင်း ကျန်းမာရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။
R-08

Source : The Voice