fbpx

မင်းပြားတွင် တပ်မတော်လေ့ကျင့်ရေးကျောင်းကို AA ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၃
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးရှိ တပ်မတော် လေ့ကျင့်ရေးကျောင်းကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အဆိုပါဒေသခံများထံမှသိရသည်။
ယင်းသို့ AA လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြန် လည်တိုက်ခိုက်မှုများကြောင့် မတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အတည်ပြုသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုများကြောင့် ရန်ကုန်-စစ်တွေကားလမ်း ကားအသွားအလာ ပြတ်တောက်နေကြောင်း၊ လေ့ကျင့်ရေးကျောင်းအနီး တောင်ကြောပေါ်တွင် လက်နက်ကြီးများ ဆက်တိုက် ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“နံနက်အစောကြီး ၄ နာရီလောက်ကတည်းကစပြီး တိုက်တာက တိုက်ပွဲဖြစ်ပွားတာ။ တပ်မတော်ဘက်ကလည်း ရဟတ်ယာဉ်တို့ အသုံးပြုပြီး ပြန်လည်ပစ်ခတ်ခဲ့တယ်။ တစ်ဖက်တောင် ကြောပေါ်မှာ တိုက်ပွဲတွေဖြစ်နေတုန်းပဲ။  ဒီထက်ပိုပြီး ပြင်းထန်လာမှာ၊ ရွာထဲကို လက်နက်ကြီးတွေကျလာမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောဆိုသည်။
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ မတ်လ ၂၂ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာ၏ ၂ ကီလိုမီတာခန့် အကွာအဝေးရှိသော ပြင်ရှည်တောင်တန်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
အလားတူ ပလက်ဝဒေသ တပ်မတော် မီးဝဗျူဟာကုန်းပတ်ဝန်းကျင်တွင်လည်း မတ်လ ၂၂ ရက်နေ့က တိုက်ပွဲများ ဆက်လက်ရှိခဲ့ကြောင်း၊ ပလက်ဝ မြို့နယ် ဝက်မရွာ အနောက်မြောက်ဘက်ရှိ တောင်တန်းတွင်လည်း တိုက်ပွဲများ မတ် လ ၂၂ ရက်နေ့က ဖြစ်ပွားထားကြောင်း AA က ထုတ်ပြန်ထားသည်။
အဆိုပါ ပလက်ဝဒေသရှိ တပ်မတော်၏ ဗျူဟာကုန်းဖြစ်သည့် မီးဝဗျူဟာ ကုန်းစခန်းကို AA လက်နက်ကိုင်အဖွဲ့က  ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ကာ ဗျူဟာကုန်းကို ပိတ်ဆို့တိုက်ခိုက်နေခဲ့ပြီး ယင်းပိတ်ဆို့မှုများကို တပ်မတော်ဘက်က  ဖျက်ဆီးလိုက်နိုင်ပြီဖြစ်ကာ AA လက်နက်ကိုင်အဖွဲ့များ ဗျူဟာကုန်းဝန်းကျင်မှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထုတ်ပြန်ထားခဲ့သည်။
S-04

Source : The Voice