fbpx

စက်ပိုင်ကုန်သည်များ ထိုက်သင့်သည့်ပမာဏကို အရန်ဆန်အဖြစ်သိမ်းဆည်းထားရန် ဆန်စပါးအသင်းချုပ်ထုတ်ပြန်

ရန်ကုန်၊ မတ် ၂၄
စက်ပိုင် ကုန်သည်ကြီးများနှင့် ကုမ္ပဏီကြီးများအနေနှင့် မိမိလက်ဝယ်ရှိဆန်ကို ကုန်စင်အောင်ရောင်းချခြင်းမပြုဘဲ မိမိဒေသအတွက် ထိုက်သင့်သည့်ပမာဏကို အရန်ဆန်အဖြစ် သိမ်းဆည်းထားရှိပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိအခြေအနေ၌ ပြည်တွင်းဈေးကွက်တွင် လက်ကျန်ဆန်စပါး လုံလောက်စွာရှိပြီး ပြည်သူလူထုအနေနှင့် သတင်းမှားများ၊ ဝါဒဖြန့်မှုများကို ရှောင်ကြဉ်ရန်နှင့်လိုအပ်ပါက အသင်းချုပ်နှင့်သော်လည်းကောင်း၊ အသင်းချုပ်၏ ညီနောင်အသင်းများနှင့် ကုန်စည်ဒိုင်များကို တိုက်ရိုက်ဆက်သွယ်မေးမြန်းရန် ကြေညာချက်တွင်ပါရှိသည်။
အသင်းချုပ်၊ အသင်းဝင်လုပ်ငန်းရှင်များအနေနှင့် မိမိတို့ထံတွင် ပစ္စည်းမှန်၊ ဈေးမှန်ဖြင့် ဆန်ဝယ်ယူရရှိနိုင်သည်ဆိုသည့်သတင်းကို လူမှုကွန်ရက်မှ တတ်နိုင်သမျှတင်ပေးရန်နှင့် ဆန်ရောင်းဝယ်နေပုံများကို နေ့စဉ်လူမှုကွန်ရက်တွင် တင်ပေးရန်အပြင် ကုန်စည်ဒိုင်နှင့် ဆန်အရောင်းဆိုင်များအားလုံး လှုပ်ရှားမှုတစ်ရပ်အနေနှင့်ပါဝင်စေလိုကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
“အသင်းချုပ် လုပ်ဆောင်နေတာတွေ၊ ဆက်သွယ်ရမယ့် အီးမေးလ်တွေရောထုတ်ပြန်ပေးတာပါ။ ဒါကတော့ အသင်းချုပ်က လုပ်တဲ့ဟာပေါ့။ အဲဒီအထဲမှာရှိတဲ့ ဖုန်းတွေကို အချိန်မရွေးဆက်သွယ်ပါ။ လိုအပ်သလို ကူညီပေးလို့ရပါတယ်။ လူတွေက ဆန်တွေလိုက်ဝယ်နေကြတော့ အချိန်မီထုတ်ပြန်ပေးတာပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားသည်။
ထို့ပြင် ကျေးလက်ဒေသ ဆန်စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများနှင့် ကျေးရွာများတွင် နေထိုင်သူများအနေနှင့် လူစုလူဝေးများ၊ အလှူမင်္ဂလာပွဲများမပြုလုပ်ရန်နှင့် မိမိတို့ရွာတွင် နိုင်ငံခြားပြန်များရှိပါက ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနများ၏ ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရေး အလေးထားကြရန် ညွှန်ကြားချက်တွင် ပါရှိသည်။
အသင်းချုပ်အသင်းဝင်ကုမ္ပဏီများက ငွေကြေးလှူဒါန်းမှုများနှင့် ဆန်အိတ်လှူဒါန်းမှုများကို ပါဝင်အားဖြည့်ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိပြီး လိုအပ်သည့်နေရာဒေသများသို့ပေးပို့ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိကာ အသေးစိတ်အစီအစဉ်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (ရုံးချုပ်) တွင် လုပ်ငန်းများစဉ်ဆက်မပြတ်ဖြစ်စေရန် အစီအစဉ်ချမှတ်ထားပြီး MRF Covid-19 Response Task Force ဖွဲ့စည်းကာ လုပ်ငန်းများစီမံဆောင်ရွက်သွားမည်ဖြစ်ကာ အစည်းအဝေးများနှင့် လူပုဂ္ဂိုလ်အချင်းချင်း ထိတွေ့မှုများကိုမပြုလုပ်ဘဲ ဖုန်းနှင့် Online စနစ်၊ Email၊ Viber၊ Messenger တို့မှ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
S-07

Source : The Voice