fbpx

ခြေ/ဥ ပြင်ဆင်ရေးက ပေးသောသင်ခန်းစာ

ဒုတိယအကြိမ် အခြေခံဥပဒေပြင်ဆင်ရေးဟာ ပထမအကြိမ် အခြေခံဥပဒေပြင်ဆင်ရေးထက်ပိုတဲ့ အဓိပ္ပာယ်တွေရှိတယ်လို့ ယုံကြည်ထားပါတယ်။ ဒီအတွက် ယခုဆောင်ရွက်ခဲ့တဲ့ ဒုတိယအကြိမ်အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှုအတိုင်းအတာကို စဉ်းစားတဲ့အခါ လက်ရှိရလဒ်ကွက်ကွက်လေးအပေါ်ကိုသာ သုံးသပ်မယ်ဆိုရင် အချက်အလက်မပြည့်စုံတာကြောင့် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ဒါမှမဟုတ် ကောက်ချက်ဟာလည်း အတိမ်းအစောင်းရှိနိုင်ပါလိမ့်မယ်။ 
၂၀. ၃. ၂၀၂၀ ရက်နေ့ကပြီးဆုံးသွားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဖြစ်စဉ်ကို ရှုမြင်ဖို့စဉ်းစားတဲ့အခါ ဘယ်ရှုထောင့်က ရပ်တည်သုံးသပ် မလဲဆိုတဲ့ ရပ်တည်ချက်ဟာ အရေးကြီးဆုံးလို့ မြင်မိပါတယ်။ ငါစွဲကင်းတဲ့၊ ဘုံအကျိုးစီးပွားကိုဦးတည်တဲ့ အမြင်သဘောထားသည်သာ အနီးစပ်ဆုံး သုံးသပ်ချက်နဲ့အဖြေကို ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဖြေရှင်းဖို့ ကျပ်တည်းနေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေမှာ ငါစွဲမကင်းတဲ့ ရပ်တည်ချက်နဲ့ ချဉ်းကပ်မှုတွေ လွန်ကဲနေတယ်ဆိုတာ အလွှာအသီးသီးမှာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ တစ်နည်းအားဖြင့် အပြုသဘောထားတွေ မတွေ့ရှိရဘူးလို့ဆိုလိုချင်တာပါ။
ယခုဒုတိယအကြိမ်အခြေခံဥပဒေပြင်ဆင်ရေးကို သုံးသပ်ရာမှာလည်း နောက်ဆုံးထွက်ရှိလာတဲ့ ရလဒ်ဟာ အပေါ်ယံအပိုင်းတစ်ခုသာ ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် Iceberg principle လို့ ရှု့မြင်ပါတယ်။ ဒီတော့ ရလဒ်တစ်ခုတည်းအပေါ်မှာသာ သုံးသပ်ဆုံးဖြတ် ဝေဖန်နေကြမယ်ဆိုရင် အဆင်းဘီးတပ်ပေးတဲ့ ခေတ်စကားလိုဖြစ်နေပါလိမ့်မယ်။ ရလဒ်ကိုလည်း ကြည့်ရန်လိုအပ်သလို ဒီရလဒ်ဖြစ်ပေါ်လာစေတဲ့ နောက်ကွယ်ကအကြောင်းတရားတွေကိုလည်း ထည့်သွင်းသုံးသပ်နိုင်မှသာ အားလုံးခြုံငုံမိတဲ့ ရှု့မြင်ချက်ကို ရရှိစေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ကောင်းကျိုးထက်ဆိုးကျိုးက ပိုများစေနိုင်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကြီးဟာ ဒီမှာပဲပြီးသွားမှာ မဟုတ်ပါဘူး။ ဆက်လက်လုပ်ကိုင်ကြရဦးမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီး ချောချောမွေ့မွေ့နဲ့ ဆက်လက်လုပ်ကိုင်နိုင်ဖို့ဆိုရင် တစ်ဖက်သတ်သုံးသပ်ချက်တွေ၊ ကောက်ချက်တွေနဲ့ ယူဆချက်တွေက လမ်းကြောင်းကို ပိုမိုလွဲချော်စေ နိုင်ပါတယ်။ အမှန်တကယ်ကို နိုင်ငံရဲ့အကျိုးစီးပွား၊ လူထုရဲ့အကျိုးစီးပွားကို ဦးတည်ကြမယ်၊ အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်ချင်တယ်ဆိုရင် မျက်တောင်မွေးတစ်ဆုံးထက် မျက်စိတစ်ဆုံး ကြည့်ကြရပါလိမ့်မယ်။ 
ငါစွဲပါတဲ့ဝေဖန်သုံးသပ်ချက်များဟာ မတူညီတဲ့အမြင်တစ်ခုကို ရရှိစေနိုင်ပေမယ့် အဖြေမှန်ထုတ်ဖို့ဆိုရင် လုံလောက်တဲ့ရပ်တည်ချက်လို့ မဆိုနိုင်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ဆန္ဒစွဲ၊ အတ္တစွဲများရှိကြတာ သဘာဝမို့နားလည်နိုင်ပါတယ်။ သို့သော်လည်း ယခုလိုနိုင်ငံအတွက် အရေးကြီးနေတဲ့ အချိန်မှာ တစ်ဦးချင်းတစ်ဦးချင်းက ကောင်းသောလားရာကို တွန်းပို့သူလား၊ မကောင်းသောလားရာသို့ ဆွဲချသူလား ဆိုတာလည်း အရေးကြီးပါတယ်။ အတ္တနဲ့ပရ မျှတမှလည်း လူရဲ့ ဘဝအဓိပ္ပာယ်ပြည့်စုံပြီး လူ့ဘဝကောင်းကျိုးများကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဒီတော့ ယခုဒုတိယအကြိမ် အခြေခံဥပဒေပြင်ဆင်ရေးကို သင်ခန်းစာယူရာမှာလည်း အစွဲကင်းသော ရှုမြင်ချက်သဘောထားတွေ လိုအပ်မယ်လို့ ယူဆမိပါတယ်။ 
ယခုဆောင်းပါးဟာလည်း နိုင်ငံ့အရေးစိတ်ဝင်စားသူတစ်ဦးတည်းရဲ့ ရပ်တည်ချက်အမြင်၊ သဘောထားကို တင်ပြလိုရင်းဖြစ်တဲ့အတွက် ရှုထောင့် အရဖြစ်စေ၊ သဘောတရားပိုင်းအရဖြစ်စေ၊ အချက်အလက်ပိုင်းအရဖြစ်စေ လိုအပ်ချက်များရှိနေပါလိမ့်မယ်။ သို့သော် ဘုံ အကျိုး စီးပွားသို့ ဦးတည်လိုသော မျှော်မှန်းချက်ဖြင့် တစ်ထောင့်တစ်နေရာမှ အကြံပြုလိုရင်းဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယအကြိမ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပြင်ဆင်မှုနဲ့ရလဒ်အပေါ်မှာ ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးရှိခဲ့ကြပါတယ်။ ဘယ်ဘက်ရှုထောင့်၊ ဘယ်လိုအမြင်တွေ၊ နည်းလမ်းတွေ၊ သုံးသပ်ချက်တွေ ကွဲပြားပေမယ့် ရည်မှန်းထားတဲ့ဦးတည်ချက်သာ တူညီကြမယ်ဆိုရင်တော့ ဆုံရပ်တစ်ခုတည်းမှာ ဆုံနိုင်ကြမှာပါ။ သို့သော်လည်း အစွန်းနှစ်ဖက်မှာ ရပ်တည်နေကြမယ်ဆိုရင်တော့ ဆုံရပ်ကဝေးနေဦးမှာပါ။
အခုဆိုရင် ၂၀၁၁ ကစတင်ခဲ့တဲ့ အသွင်ကူးပြောင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းကနေ ပြင်ဆင်ဖို့ကြိုးစားခဲ့တာ နှစ်ကြိမ်ရှိပါပြီ။ ပထမအကြိမ် လွှတ်တော်ကာလအတွင်းမှာ တစ်ကြိမ်နဲ့ ယခုဒုတိယအကြိမ်လွှတ်တော် ကာလအတွင်းမှာ တစ်ကြိမ်ဖြစ်ပါတယ်။ ဒီပြင်ဆင်တဲ့ နှစ်ကြိမ်လုံးမှာ ကြိုးပမ်းခဲ့တဲ့ နည်းလမ်း နဲ့ ထွက်ပေါ်လာတဲ့ရလဒ်တွေဟာ မဖြစ်မနေသုံးသပ်ရမယ့် အတွေ့အကြုံ သို့မဟုတ် သင်ခန်းစာများပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်းစွာနဲ့ လွှတ်တော်တွင်းကနေ ပြင်ဆင်ဖို့ကြိုးစားတာဟာလည်း အောင်မြင်တာ မအောင်မြင်တာထက် အသွင်ကူးပြောင်းရေးကိုမထိခိုက်စေတဲ့ ပြင်ဆင်မှုနည်းလမ်းတစ်ရပ်မို့ ဒီမိုကရေစီကျတဲ့ နည်းလမ်းတစ်ရပ်လို့ ဆိုရမှာပါ။ ဒီလိုနည်းလမ်းနဲ့ အောင်မြင်တဲ့အခြေခံဥပဒေပြင် ဆင်ရေးအတွက်ဆိုရင် ယခုဆောင်ရွက်ပြီးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး နှစ်ကြိမ်ကနေ သင်ခန်းစာတွေ သုံးသပ်ရယူကြရပါလိမ့်မယ်။
အသွင်ကူးပြောင်းရေး ဒုတိယအစိုးရသက်တမ်းအတွင်းမှာ ဒုတိယအကြိမ်အခြေခံဥပဒေပြင်ဆင်ရေးပြီးဆုံးသွားချိန်မှာ တန်ဖိုးကြီးမားတဲ့ မက်ဆေ့ခ်ျတွေရရှိခဲ့ပါတယ်။ ပြင်ဆင်ရေးရလဒ်အနေနဲ့ကတော့ ဥပဒေပိုင်းအရ မပြင်ဆင်နိုင်ပေမယ့် နိုင်ငံရေးအရအမြတ်ရတယ်လို့ မည်သို့ပင်ဆိုပေမယ့် နိုင်ငံရဲ့လက်တွေ့ရည်မှန်းချက်နဲ့တိုင်းတာရင် ပြည်သူတွေ ရှုံးသွားတာပဲလို့ ကောက်ချက်ချရမှာပါ။ ပြည်သူများလည်း မျှော်မှန်းချက်မပြည့်ခဲ့ရသလို တိုင်းရင်းသားများအတွက်လည်း ထိုနည်း၎င်းပါပဲ။ ဒီတော့ နှစ်ကြိမ်ကြိုးစားခဲ့တာကနေ တတိယအကြိမ်မှာ ဘယ်လိုချဉ်းကပ်ပြင်ဆင်ကြမလဲဆိုတာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလာမယ့်ပါတီအတွက် အရေးကြီတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါလိမ့်မယ်။
အခုပြင်ဆင်ရေးမအောင်မြင်လို့ လမ်းသစ်ထွင်မလား၊ လူထုနည်းနဲ့ ပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ ကောက်ချက်၊ မှတ်ချက် တွေကို တွေ့ရပါတယ်။ ဒီယူဆချက်တွေအပေါ်မှာ မစဉ်းစားခင် လွှတ်တော်တွင်းအခြေအနေတွေထက် လွှတ်တော်ပြင်ပ အခြေအနေတွေကို ဦးစားပေးထည့်သွင်း စဉ်းစားဖို့လိုပါမယ်။  ဒီသုံးသပ်ချက်မှန်မှန်ကန်ကန်ရရှိမှ ဘယ်လိုပုံစံနဲ့ ခြေ/ဥပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်ကြမလဲဆိုတဲ့ အဖြေကိုချဉ်းကပ်နိုင်မှာပါ။ ဒုတိယအကြိမ်အခြေခံဥပဒေပြင်ဆင်ရေး ထက်စာရင် ပထမအကြိမ်အခြေခံဥပဒေပြင်ဆင်ရေးက ပြင်ဆင်ချက် ပိုမိုရရှိခဲ့ပါတယ်။ ဒုတိယအကြိမ်ပြင်ဆင်ရေးမှာပုဒ်မ ၄၃၆(က) နဲ့ အကျုံးဝင်တဲ့ ပုဒ်မ ၂ ခုနဲ့ ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ ၂ ခုပဲ ပြင်နိုင်ခဲ့ပါတယ်။ အတည်ပြုနိုင်ခဲ့တဲ့ပုဒ်မ (၄) ခုကလည်း နိုင်ငံရဲ့အမှန်တကယ် မျှော်မှန်းချက်နဲ့နှိုင်းစာရင် အရေးမကြီးတဲ့ပုဒ်မများလို့ ဆိုရမှာပါ။ ဒီလိုအခြေအနေတွေ ဖြစ်လာနိုင်မယ်ဆိုတာ ယခင်ကလည်း မျှော်မှန်းရေးသားခဲ့ဖူးပါတယ်။ မျှော်မှန်းရခြင်း အရင်းခံအကြောင်းတရားတွေထဲမှာ ဒုတိယအကြိမ်ပြင်ဆင်ရေးမတိုင်မီ လွှတ်တော်ပြင်ပနဲ့ လွှတ်တော်တွင်းအခြေအနေအရ အောင်မြင်နိုင်တဲ့ ပြင်ဆင်ရေးမဖြစ်နိုင်ဘူးလို့ သုံးသပ်ရခြင်းဖြစ်ပါတယ်။ ဒီတော့ ယခုရလဒ်ကလည်း မထူးဆန်းတဲ့အဖြေပဲ ဖြစ်ပါတယ်။
ဒုတိယအကြိမ်အခြေခံဥပဒေပြင်ဆင်ရေး ရလဒ်တွေကို သုံးသပ်ရာမှာ ဘယ်ရှုထောင့်ကနေ ကြည့်သလဲဆိုတာအပြင် လူကြောင့်လား၊ မူကြောင့်လား၊ နည်းလမ်းကြောင့်လားဆိုတဲ့ ဘက်စုံထည့်သွင်းစဉ်းစားဖို့ဟာလည်း များစွာအရေးပါ,ပါလိမ့်မယ်။ မိမိဖြစ်လိုတဲ့ဆန္ဒဘက် ဒါမှမဟုတ် မိမိဖြစ်လိုရာဘက်ကနေ သုံးသပ်အဖြေရှာမယ်ဆိုရင်တော့ အဖြေမှန်နဲ့မနီးစပ်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ အခုပြင်ဆင်ရေးကနေရတဲ့ မက်ဆေ့ခ်ျတွေထဲမှာ ယခုအခြေခံဥပဒေဟာ ပြင်လို့ရတယ်ဆိုတဲ့အချက် တစ်ချက်တွေ့ရပါတယ်။ ဒါဆိုရင် ဘယ်လိုနည်းလမ်း၊ ဘယ်လိုပုံစံနဲ့ပြင်မလဲ၊ ဘယ်လိုအခြေအနေတွေလိုအပ်မလဲ၊ ဘယ်သူတွေက အဓိကဇာတ်ကောင်လဲ၊ ညှိနှိုင်းပြင်ဆင်ရေးလား၊ ထိပ်တိုက်ရင်ဆိုင်ပြင်ဆင်ရေးလား၊ ပြင်ဆင်ရေးအဆင့်တွေမှာ ဘယ်အဆင့်တွေလိုအပ်မလဲ၊ နိုင်ငံ့ အခြေအနေအလိုက် တစ်ဆင့်ချင်းပြင်မလား၊ အကုန်လုံးကို တစ်ခါတည်း ပြင်မလားစတဲ့ မက်ဆေ့ခ်ျတွေ တွေ့ရပါတယ်။
ဒီမက်ဆေ့ခ်ျတွေဟာ အခြေခံဥပဒေပြင်ဆင်ရေးမဆောင်ရွက်ခင်ကတည်းက သတိထားခဲ့မယ်ဆိုရင် သိသာမြင်သာနေတဲ့အချက်များပဲ ဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါ ကြီးမားတဲ့အခွင့်အရေးတစ်ရပ် နစ်နာခဲ့ရပြီလို့ ဆိုချင်ပါတယ်။ အသွင်ကူးပြောင်းရေး ဒုတိယသက်တမ်းအတွက် အခြေခံဥပဒေပြင်ဆင်ရေး တစ်ခန်းရပ်သွားခဲ့ပါပြီ။ ပြီးဆုံးသွားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအပေါ် ပြန်လည်သုံးသပ် ဝိုင်းဝန်းအဖြေရှာသင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခုချိန်မှာတော့ အခြေခံဥပဒေပြင်ဆင်ရေး အဆုံးအဖြတ်ပြီးဆုံးတဲ့နောက် ဖြစ်လာနိုင်တဲ့အကျိုးဆက်၊ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ယင်းရွေးကောက်ပွဲအလွန်ကာလအတွက် အမှန်ကန်ဆုံး သုံးသပ်ချဉ်းကပ်နိုင်ပါစေကြောင်း ဆုတောင်းရပါတော့တယ်။
သိန်းထွန်း (IR)
(၂၀ .၃. ၂၀၂၀)

Source : The Voice