fbpx

ခန်းခြောက်နေသော နှလုံးသားများကို တွေ့ရှိခြင်း

သားတို့၊ သမီးတို့တွေ အားလုံးပဲ … တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ပြီးတော့ မိတ်ဆက်ကြရအောင် … ရှေ့ဆုံးက သားတို့နှစ်ယောက်က စပြီး မိတ်ဆက်ကြပေါ့…”
ကျွန်တော့်စကားဆုံးသည်နှင့် သင်တန်း၏ရှေ့ဆုံးတွင်ထိုင်နေကြသော အလယ်တန်းကျောင်းသား ကလေးနှစ်ယောက် မတ်တတ်ထရပ်လိုက်ကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြရင်း ညာဘက်လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်ကြသည်။ သို့သော် တစ်ဦး၏လက်ဖဝါးကို တစ်ဦးက ဆုပ်ကိုင်ခြင်းမရှိဘဲ ကျောက်ရုပ်များပမာသာ ရပ်တံ့နေသည်။ မျက်နှာများတွင် အပြုံးအရယ်မရှိဘဲ မှုန်တေတေအနေအထားဖြစ်နေသည်။ သူတို့ပုံစံကိုကြည့်ရင်း ကျွန်တော် ဇဝေဇဝါဖြစ်သွားမိ၏။ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးမှုထဲတွင် လက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်ရှားကြရန်ပါရှိသဖြင့် တစ်ဦးကိုတစ်ဦး လက်ဆွဲနှုတ်ဆက်ရန် တွန့်ဆုတ်နေကြခြင်းလားဟု အတွေးဝင်မိ၏။ ထိုအတိုင်းသာဆိုလျှင် ကလေးများ လောက်အသုံးမကျသော ကိုယ့်ကိုယ်ကိုယ်ပင် ကျိန်ဆဲစရာဟု ကျွန်တော်တွေးသည်။ ကလေးနှစ်ယောက်ကတော့ မိနစ်အတန်ကြာသည့်တိုင်အောင် ကျွန်တော့်ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ ထိုစဉ်အချိန်မှာပင် အတန်းထဲမှကလေးတစ်ဦးက “ဆရာ … သူတို့နှစ်ယောက် မတည့်ကြဘူး ဆရာ …” ဟု ထပြော လိုက်ရာ ကျွန်တော် ဆွံ့အသွားရတော့သည်။
ထိုအဖြစ်အပျက်ကလေးသည် ကျွန်တော်၏ နွေရာသီအခြေခံပန်းချီသင်တန်းတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကလေးတစ်ခုပင် ဖြစ်သည်။ သည်နှစ်နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားမိဘအချို့၏ တောင်းဆိုချက်အရ ပန်းချီအခြေခံ သင်တန်းဝိုင်းကလေးတစ်ခုကို ကျွန်တော်ပြသဖြစ်သည်။ လူဦးရေများများစားစားရှိသော သင်တန်းမျိုး မဟုတ်ဘဲ စတုတ္ထတန်းမှ ရှစ်တန်းအထိ ကျောင်းသူ၊ ကျောင်းသား ၈ ဦးခန့်မျှသာ ပါဝင်သော သင်တန်း ဖြစ်၏။ သို့သော် ပန်းချီသင်တန်းတက်ရောက်နေကြသော ကျောင်းသူ၊ ကျောင်းသားများအားလုံးသည် ငွေကြေး ဥစ္စာပြည့်စုံသူများဖြစ်သည်။ ထို့အပြင် စာသင်ကျောင်းများတွင် ဘက်စုံထူးချွန်ကြသူများလည်း ဖြစ်၏။ တစ်ကျောင်းတည်း၊ တစ်ခန်းတည်းတွင် အတူတက်နေကြသူများပါဝင်သကဲ့သို့ ကျောင်းချင်းမတူသူ အချို့လည်း ပါဝင်သည်။ မည်သို့ပင် ဖြစ်စေ။ စာပေအနုပညာဘက်တွင် အားတက်သရော ဖြစ်လာကြသော ကျောင်းသားမိဘများနှင့် ကလေးများအတွက် ကျွန်တော် ပီတိဖြစ်ခဲ့ရသည်ကတော့ အမှန်။ သို့သော် အခြားတစ်ဖက်တွင်တော့ ကလေးငယ်များကိုယ်တိုင် ပန်းချီကို ဝါသနာပါခြင်းလား၊ မိဘများ၏အလိုကျ လိုက်လုပ်နေကြရခြင်းလား ဆိုသည်ကို သိရှိခဲ့ရသဖြင့် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ အဆိုးဆုံးမှာ ကလေးများ၏နှလုံးသားထဲတွင် ချစ်ခြင်း မေတ္တာတရားများခန်းခြောက်နေသည်ကို မြင်တွေ့ခဲ့ရခြင်းပင် ဖြစ်ပါသည်။ 
(နှစ်)
သည်နေ့ခေတ်ကျောင်းသားလူငယ်များကို ပြိုင်မြင်းကလေးများနှင့်ဆင်တူနေသည်ဟု ကျွန်တော်တွေးမိသည်။ ကျောင်းသူ၊ ကျောင်းသားများသည် ကြီးမားလေးလံလှသော ကျောင်းလွယ်အိတ်များကိုထမ်းပိုးရင်း အချိန်နှင့်အမျှ ပြေးနေကြရသည်။ ပညာရေးဆိုသည်မှာ ကျောင်းသူ၊ ကျောင်းသားလူငယ်များအတွက် လောဘ၊ ဒေါသနှင့် မောဟတရားတို့ထုံမွှမ်းရာ ပြေးလမ်းတစ်ခုဖြစ်နေသည်။ ကျောင်းသူ၊ ကျောင်းသားလူငယ်များ၏စိတ်ထဲတွင် “ငါ့ထက်တော်လျှင် ငါ့ရန်သူ၊ ငါ့ထက်မည်သူမျှ မထူးချွန် မတတ်မြောက်စေရ” ဆိုသော မနာလိုဝန်တိုစိတ်များ ထုံမွှမ်းနေကြသည်။ အခန်းဖော်၊ အတန်းဖော်အချင်းချင်းကိုပင် သူငယ်ချင်းမိတ်ဆွေစိတ်မထားနိုင်ကြတော့ဘဲ ကြိုးဝိုင်းထဲမှပြိုင်ဘက်များပမာ အလေးထိုးရန် တာစူနေကြသည်။ ကျောင်းသူ၊ ကျောင်းသားလူငယ်များ၏ နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာတရားများ တစ်စတစ်စနှင့် ခန်းခြောက်လာနေကြသည်။ 
ပြိုင်ဆိုင်လိုစိတ်ရှိခြင်းမှာ ကောင်းမွန်သော လက္ခဏာတစ်ခုဟုဆိုနိုင်သည်။ သို့သော် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပြိုင်ဆိုင်လိုစိတ်ဖြစ်ရန်တော့ လိုအပ်ပါလိမ့်မည်။ ပြိုင်ဘက်အပေါ်တွင် လေးစားတန်ဖိုးထားတတ်သော ပြိုင်ဆိုင်လိုစိတ်မျိုး (သို့မဟုတ်) အမုန်းတရားနှင့် မနာလိုဝန်တိုခြင်းကင်းသောပြိုင်ဆိုင်လိုစိတ် မျိုးဖြစ်ရန်လိုအပ်ပါလိမ့်မည်။ မည်သည့်နည်းနှင့်မဆို ငါအနိုင်ရလျှင်ပြီးပြီဆိုသော ယှဉ်ပြိုင်လိုစိတ်မျိုး (သို့မဟုတ်) တစ်ဖက်သားကို အလစ်အငိုက်ထိုးကာ အနိုင်လှဲသိပ်သော ပြိုင်ဆိုင်လိုစိတ်မျိုးသည် အဆိုးဘက်ကိုဦးတည်သော ပြိုင်ဆိုင်လိုစိတ်သာဖြစ်သည်။ သည်နေ့ခေတ် ကျောင်းသူ၊ ကျောင်းသား အများစုသည် တစ်ဦးကိုတစ်ဦး မနာလိုဝန်တိုခြင်းများဖြင့် ယှဉ်ပြိုင်နေကြသည်ဟုထင်မိသည်။ တစ်ဦး၏ အရည်အချင်းနှင့် အစွမ်းအစများကို တစ်ဦးက အသိအမှတ်ပြုခြင်းနှင့် လေးစားတန်ဖိုးထားခြင်းများ ကင်းဝေးနေကြသည်။ တစ်ဦး၏ ကျရှုံးခြင်းနှင့် နာကျင်ခြင်းကို တစ်ဦးက မျှော်လင့်တောင့်တနေကြသည်။ ကျောင်းသူ၊ ကျောင်းသားများထံတွင် ထိုကဲ့သို့စိတ်မျိုး ကိန်းအောင်းနေသည်မှာ အနာဂတ်ကမ္ဘာအတွက် စိုးရိမ်စရာပင် ကောင်းလှသည်။ ထိုသို့စိတ်မျိုးကို ကလေးများထံ၌ မည်သူများက မွေးမြူပေးလိုက်ကြသနည်းဆိုသည်မှလည်း စဉ်းစားစရာဖြစ်နေသည်။ 
စင်စစ် ကျောင်းသူ၊ ကျောင်းသားလူငယ် ကလေးများသည် ပန်းပုဆရာ၏လက်ထဲမှ ကျောက်အရိုင်းတုံး ကလေးများနှင့် တူသည်။ ပန်းပုဆရာ၏ စေတနာ၊ မေတ္တာနှင့် ကျွမ်းကျင်ပိုင်နိုင်မှုအပေါ် မူတည်၍ ကျောက်ရိုင်းတုံးကလေးများသည် အဆင်းရော၊ အချင်းပါ ပြည့်ဝသော ပန်းပုရုပ်ကလေးများ ဖြစ်လာနိုင်သည်။ မိဘများသည် ကလေးများအတွက် နေအိမ်အတွင်းမှ အတော်ဆုံး ပန်းပုဆရာများပင် ဖြစ်သည်။ စာသင်ခန်းထဲတွင်တော့ ဆရာ၊ ဆရာမများသည် ကျောင်းသူ၊ ကျောင်းသားအတွက် အတော်ဆုံး ပန်းပုဆရာများဖြစ်သည်။ ထိုပန်းပုဆရာများသည် မိမိ၏လက်ထဲမှ ကျောက်အရိုင်းတုံး ကလေးများကို အဆင်းရော၊ အချင်းပါပြည့်ဝသော ပန်းပုရုပ်ကလေးများအဖြစ် ထုဆစ်ပုံဖော်နိုင်ရန် အရေးကြီးပါသည်။ 
(သုံး)
သည်နေ့ခေတ်ပညာရေးသည် ပြင်ပကျူရှင်များကို အလွန်အမင်း အားကိုးနေရသော ပညာရေးတစ်ခုအဖြစ် ရုပ်လုံးပေါ်နေသည်။ ကျူရှင်စနစ်သည် ပညာရေးကဏ္ဍ၏အမှန်တကယ်လိုအပ်သော အကြောင်းတရားတစ်ခုဖြစ်နေမည်ဆိုပါက အားပေးထောက်ခံရမည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ ပညာရေးစနစ် တစ်ခုလုံးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပမာဖြစ်နေလျှင်တော့ စနစ်တကျကိုင်တွယ်ဖြေရှင်းရန်လိုအပ်နေပြီဟုဆိုရမည်ဖြစ်၏။ လက်ရှိအချိန်တွင် ပြင်ပကျူရှင်များ၏ဂယက်သည် အစိုးရစာသင်ကျောင်းတွင်း ပညာရေးကို ယိုင်နဲ့သွားစေရုံမျှမကဘဲ စာသင်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ၏အကျင့်စာရိတ္တမဏ္ဍိုင် ကိုပါနည်းမျိုးစုံဖြင့် အလဲထိုးလာနေသည်ဟုဆိုနိုင်သည်။ အဆိုးဆုံးမှာ ကျူရှင်များအချင်းချင်း ပြိုင်ဆိုင်မှုများကြားထဲတွင် ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများက မြေစာပင်ဖြစ်နေကြရခြင်း ဖြစ်သည်။ 
ကျောင်းနေအရွယ်ဆိုသည်မှာ လူ့ဘဝ၏ အသန့်ရှင်းဆုံး၊ အလတ်ဆတ်ဆုံးသော အရွယ်များဖြစ်သည်။ လူ့ဘဝ၏ အစစ်အမှန်ဆုံးသောအရာများကို ကျောင်းနေအရွယ်တွင် ရရှိနိုင်သည်။ စစ်မှန်သော မိတ်ဆွေသူငယ်ချင်းများနှင့် စစ်မှန်သော ချစ်ခြင်းမေတ္တာကိုလည်း ကျောင်းနေအရွယ် လူငယ်ဘဝတွင် ရရှိနိုင်သည်။ မိတ်ဆွေ၊ သူငယ်ချင်းများ အချင်းချင်းပူးပေါင်းလုပ်ဆောင်တတ်သော အမူအကျင့်ကောင်းများ၊ တစ်ဦးကိုတစ်ဦး စာနာနားလည်ခြင်း၊ သည်းခံ ခွင့်လွှတ်တတ်ခြင်းနှင့် မျှဝေတတ်ခြင်းများသည် စာသင်ခန်းထဲက အစပျိုးပေးလိုက်သော အမူအကျင့်ကောင်းများပင် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သူငယ်ချင်းစိတ်နှင့် အတန်းဖော်၊ အတန်းဖက် စိတ်ရင်းများ ပျောက်ဆုံးကာ တစ်ဦးကိုတစ်ဦး အမုန်းမျက်လုံးများဖြင့် ရှုမြင်နေကြမည်ဆိုပါက တစ်စုံတစ်ခု မှားယွင်းနေပြီဟု သုံးသပ်ရမည်ပင်ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့ ဖြစ်လာစေရန် သင်ကြားပေးလိုက်သောအကြောင်းတရားများကိုလည်း ရှာဖွေဖြေရှင်းရန် လိုအပ်နေပြီဟု ဆိုရမည်ဖြစ်သည်။ 
(လေး) 
ကျွန်တော်၏ ပန်းချီသင်တန်းထဲတွင်ကြုံတွေ့ခဲ့ရသော ကလေးနှစ်ယောက်သည် တစ်ကျောင်းတည်းတွင် အတူတက်နေကြသော အတန်းဖော်သူငယ်ချင်းများဖြစ်သည်။ စာသင်ခန်းထဲတွင် ဘက်စုံထူးချွန်ကြသူများလည်းဖြစ်သည်။ ထက်မြက်သော အရည်အသွေးများကို ကိုယ်စီပိုင်ဆိုင်ထားကြသူများပင် ဖြစ်သည်။ သို့သော် သူတို့နှစ်ဦး၏စိတ်ထဲတွင် တစ်ဦး၏ ထူးချွန်ထက်မြက်မှုကို တစ်ဦးက အသိအမှတ်မပြုကြဘဲ မနာလိုဝန်တိုစရာအဖြစ် ရှုမြင်နေကြသည်။ အံ့သြစရာကောင်းသည်မှာ ထိုစိတ်မျိုးဖြစ်လာစေရန်အတွက် ပြင်ပကျူရှင်ဆရာ၊ ဆရာမအချို့နှင့် မိဘများကိုယ်တိုင်က မွေးမြူပေးထားကြခြင်း ဖြစ်သည်။ 
စင်စစ်တွင် မိဘ၊ ဆရာသမားများသည် မိမိတို့၏ တပည့်၊ သား၊ မြေးများအပေါ်တွင် ကောင်းမွန် သောပညာအမွေကိုသာမကဘဲ ကောင်းမွန်သောစိတ်ဓာတ်ရေးရာကိုပါ သင်ကြားပေးနိုင်ကြရမည်ဖြစ်သည်။ သို့သော် လက်ရှိကြုံတွေ့နေရသည်မှာ ထိုသို့မဟုတ်ချေ။ မမှန်ကန်မသင့်တော်သော ပြိုင်ဆိုင်လိုစိတ်များကို ကျောင်းသူ၊ကျောင်းသားများ၏ ရင်ထဲသို့ သွတ်သွင်းထည့်ပေးနေကြသည်။ တစ်ဦး၏ အရည်အချင်းနှင့် အောင်မြင်မှုများကို မုဒိတာပွားနိုင် အောင်သင်ပေးရမည့်အစား မနာလိုဝန်တိုတတ်စေရန်သွန်သင်ပေးနေကြသည်။ ထူးချွန်ထက်မြက်သော ကျောင်းသူ၊ ကျောင်းသားအများစုသည် မိဘ၊ ဆရာများ၏စေတနာအမှားများကြားထဲတွင် အဆင်းသာရှိပြီး အချင်းမရှိသူများအဖြစ် ရုပ်လုံးပေါ်လာနေကြရသည်။ ဗြဟ္မစိုရ်တရားခေါင်းပါးသူများဖြစ်နေကြသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ 
(ငါး)
မဟတ္တမဂန္ဒီက အကျင့်စာရိတ္တမကောင်းသော ပညာရှိသည် အန္တရာယ်ကြီးမားလှကြောင်း ဆိုခဲ့ပါသည်။ ကျွန်တော်တို့၏ သုံးလူ့ထွတ်ထားမြတ်ဗုဒ္ဓဘုရားရှင်သည် လူ၏အတွင်းစိတ်ကိုသာ ဟောကြားခဲ့၏။ မွန်မြတ်စင်ကြယ်သောစိတ်ထား၊ အဆင်းနှင့် အချင်းလှသော စိတ်ထားကို မွေးမြူတတ်ရန် ဗုဒ္ဓကသွန်သင်ခဲ့သည်။ သတ္တဝါများအပေါ်တွင် သနားကြင်နာတတ်ရန် ဓမ္မက ပြဆိုထားသည်။ တစ်ဦး၏ အောင်မြင်မှု အပေါ်တွင်တစ်ဦးက လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုကာ မုဒိတာပွားနိုင်ရန်လည်း ဓမ္မကပြဆိုပါသည်။ အထူးသဖြင့် ပုံစံသွင်းရလွယ်ကူသော အရွယ်ကျောင်းသူ၊ ကျောင်းသားလူငယ်များထံတွင် ရှိသင့်ရှိထိုက်သောစိတ်နေစိတ်ထားမျိုးကို မိဘ၊ ဆရာများက အစပျိုးမွေးမြူပေးလိုက်ရန် လိုအပ်ပါသည်။ ကိုယ်ကလွဲလျှင် တစ်ပါးသူများကို ရန်သူပြိုင်ဘက်ပမာရှုမြင်လာစေရန် သွတ်သွင်းသင်ပြပေးခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါသည်။ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များ၏ နှလုံးသားထဲတွင် အကြင်နာတရားများ စဉ်ဆက်မပြတ် စီးဆင်းနေစေရန်သာ ညွှန်ကြားသင်ပြပေးသင့်ပါသည်။ သို့သော် ကျွန်တော်၏ ပန်းချီသင်တန်းထဲက ကျောင်းသူ၊ကျောင်းသားများထံတွင်တော့ ခန်းခြောက်နေသော နှလုံးသားများကိုသာ တွေ့မြင်ခဲ့ရပါသည်။ ထိုကဲ့သို့ ကျောင်းသူ၊ ကျောင်းသားကလေးငယ်များ နိုင်ငံနှင့်အနှံ့အပြားတွင် မည်မျှအထိ ရှိနေကြပြီလဲဆိုသည်မှာလည်း အလွန်စိုးရိမ်စရာကောင်းလှလေသည်။ ။ 
ရက္ခ

Source : The Voice