fbpx

ကွတ်ခိုင်တွင် လူ ၂၀ ဦး လဲကျသေဆုံးသည့်သတင်းနှင့်ပတ်သက်၍ လားရှိုး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြန်ရှင်း

လားရှိုး မတ် ၂၄
ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု မန်တပ်ကျေးရွာတွင် မတ်လ ၁၈ ရက်နေ့က ကျေးရွာသား ၂၀ ဦး မူးမေ့လဲကျသေဆုံးသွားသည်ဟူသော သတင်းမှားနှင့်ပတ်သက်၍ လားရှိုမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြာရေးမှူး ဒေါက်တာ တင်မောင်ညွန့်က မတ်လ ၂၃ ရက်နေ့က ရှင်းလင်းပြောဆိုသည်။ 
“အဲဒီသတင်းက သတင်းအမှားပါ လူမှုကွန်ယက်စာမျက်နှာမှာ တက်လာလာခြင်း ကွတ်ခိုင်မြို့နယ်ကျန်းမာရေးဌာနက သွားစစ်တယ်။ အစုလိုက်အပုံလိုက်သတယ်ဆိုတာ မရှိခဲ့ပါဘူး”ဟု လားရှိုးမြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောဆိုသည်။ 
မတ်လ ၂၀ ရက်နေ့က ကွတ်ခိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာဝန်များနှင့်တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း၊ မန်တပ် ကျေးရွာတွင် တရုတ်နိုင်ငံမှပြန်လာသူတစ်ဦးမျှမရှိကြောင်း ယခုရက်ပိုင်းအတွင်း သေဆုံးသူလည်းမရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လားရှိုးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကလည်း လိုအပ်သည့်ဆေးပစ္စည်းများ တပါတည်းထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ အစုလိုက်အပြုံလိုက် သေဆုံးခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သေဆုံးခဲ့သူခုနစ်ဦးမှာ ပုံမှန်အတိုင်း သေဆုံးခဲ့ခြင်းသာဖြစ်ပြီး COVID 19 ရောဂါနှင့် သက်ဆိုင်းခြင်းမရှိကြောင်း စစ်ဆေးတွေ့ရသည်ဟု ယင်းဌာနထံမှ သိရသည်။
ကွတ်ခိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများအနေနှင့် မန်တပ်ရွာမှတစ်ဆင့် ဒုံမွန်းကျေးရွာသို့ ထပ်မံသွားရောက်ခဲ့ကြရာ COVID-19 ရောဂါဖြစ်နေသူ ဖျားနာနေသူတစ်ဦးမျှမတွေ့ခဲ့ကြောင်း ကွတ်ခိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါ်ဝင့်ဝင့်မြိုင်က ဖြည့်စွက်ပြောဆိုသည်။
“ဒုံမွန်းရွာဆိုတာ တ‌အောင်းတိုင်းရင်းသားတွေနေကြတာ။ ကားလမ်းမရှိလို့ လမ်းလျှောက်သွားရတာ။ ဖျားနေတဲ့သူမရှိဘူး” ဟု ၎င်းက ရှင်းပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် COVID-19 ရောဂါဖြင့်သေဆုံးသူ တစ်ဦးမျှမရှိဘဲ သီပေါဆေးရုံတွင်တင်ထားသည့် သံသယလူနာတစ်ဦးတွင်လည်း ရောဂါပိုးမတွေ့ရဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း၊ ၎င်း၏မိသားစုနေထိုင်ရာ အိမ်ကိုလည်း ကျန်းမာရေးဌာနက ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ကာ နေအိမ်တွင် ၁၄ ရက် စောင့်ကြည်နေသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတင်းအချက်အလက်များ နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိရာ ပြည်သူများအနေဖြင့် ရောဂါပိုးမကူးစက်နိုင်ရေးအတွက် လက်ဆေးခြင်း၊ လူစုလူဝေးဖြင့်မနေဘဲ မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် လူတိုင်းလူတိုင်း တစ်ဦးချင်းစီအလိုက် ရောဂါမကူးစက်အောင်နေထိုင်ကာကွယ်ရန် လိုအပ်သည်ဟု ကျန်းမာရေးဌာနက နှိုးဆော်ထားသည်။
R-07

Source : The Voice