fbpx

ဗဟိုဘဏ်ကတစ်လအတွင်း ဘဏ်တိုးနှုန်း ၂ ကြိမ်လျှော့ချ

ရန်ကုန်၊ မတ် ၂၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်အပ်ငွေနှင့် ချေးငွေများအတွက် အတိုးနှုန်းကို ၁ ရာခိုင်နှုန်းစီ ထပ်မံလျှော့ချလိုက်ကြောင်း ဗဟိုဘဏ်က မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းများကို မတ်လ ၁၂ ရက်နေ့တွင် ယခင်နှုန်းအောက်သုည ဒသမ ၅ ရာခိုင်နှုန်း၊ မတ်လ ၂၄ ရက်နေ့တွင် ထပ်မံ၍ ၁ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းဖြစ်သည်။
“ရည်ရွယ်တာက ဗဟိုဘဏ်တွေဆောင်ရွက်သလို စီးပွားရေးမြှင့်တင်နိုင်ဖို့ရည်ရွယ်တယ်။ အတိုးနှုန်းက အမြဲတမ်း ငွေကြေးဈေးကွက်ရှိနေတဲ့ တိုင်းပြည်တွေလို အစည်းအဝေးလုပ်ပြီး တစ်လတစ်ခါ လျှော့ချတာမျိုးတော့မလုပ်ဘူး။ ဒါပေမဲ့ အခြေအနေပေါ်မူတည်ပြီးတော့ စဉ်းစားပေးသွားမယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ယခုပြောင်းလဲလိုက်သည့် အတိုးနှုန်းများသည် ဧပြီလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး ဘဏ်အပ်ငွေအတိုးနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ချေးငွေအတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း ထက်မနည်းစေရန် သတ်မှတ်ထားခြင်းဖြစ်သည်။
“ဘဏ်တိုးနှုန်းပြောင်းလဲတာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က ဖြေကြားတာမျိုး မလုပ်ရဘူးလို့ ကန့်သတ်ထားတယ်။ ဘဏ်တိုးနှုန်းကိုတော့ သူပြောတဲ့အတိုင်း လိုက်နာရမယ်။ အတိုးနှုန်းက ၈ ရာခိုင်နှုန်းကနေ ၆ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သွားမယ်။ ၁၃ ကနေ ၁၁ ဒသမ ၅ ဖြစ်သွားမယ်။ နိုင်ငံခြားမှာလည်း အတိုးနှုန်းတွေက လျှော့နေတာပဲ။ တချို့နိုင်ငံတွေဆိုရင် သုညနီးပါးတောင်လျှော့ထားတယ်” ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ဗဟိုဘဏ်သည် မတ်လ ၂၄ ရက်နေ့စွဲဖြင့် ပြည်တွင်းရှိအသုံးပြုနေသည့် စာရင်းသေအပ်ငွေ အတိုးနှုန်းများကို ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်သည် ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရသည့် အပ်ငွေတို့အပေါ် တောင်းခံနိုင်သည့် အမြင့် ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်း အောက်၂ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့သည်။
ထို့ပြင် မြေ၊ အဆောက်အအုံ၊ ရွှေ၊ ကျောက်မျက်ရတနာ၊ ငွေစုလက်မှတ်၊ အစိုးရငွေစုစာချုပ်၊ စာရင်းသေအပ်ငွေ၊ ချေးငွေအာမခံဖြင့် ထုတ်ချေးသည့် ချေးငွေများတွင် ဗဟိုဘဏ်အတိုးနှုန်းအထက် ၃ ရာခိုင်နှုန်းနှင့် ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ အာမခံချေးငွေအပါအဝင် ချေးငွေများနှင့် ဖော်ပြပါချေးငွေတွင် မပါဝင်သည့် ချေးငွေများကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၆ ရာခိုင်နှုန်းနှင့် ၁၄ ဒသမ ၅ ရာခိုင်နှုန်း အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။     
J-03

Source : The Voice