fbpx

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အတိုးနှုန်း ၁ ခိုင်နှုန်း ထပ်မံလျှော့ချ

မြန်မာနိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းကို ၉ ဒသမ ၅ ရာခိုင်နှုန်းကနေ  ၈ ဒသမ ၅ ရာခိုင်နှုန်းကို ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ရည်ရွယ်ချက်နဲ့ အတိုးနှုန်း ၁ ရာခိုင်နှုန်းကို ထပ်မံလျှော့ချလိုက်တာလို့   မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ဗဟိုဘဏ် ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ 

ဒီညွှန်ကြားချက်အရ ဘဏ်တွေရဲ့ အပ်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းက ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နဲ့ အချိန်စေ့မှ ပေးရတဲ့အပ်ငွေတွေအပေါ်မှာ ပေးရမဲ့ အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်ရဲ့ အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်းထက်မနည်းရလို့ သတ်မှတ်ထားတာကြောင့် ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သွားမှာပါ။

အာမခံပစ္စည်းရယူပြီး ထုတ်ချေးတဲ့ ချေးငွေတွေအပေါ်မှာ တောင်းခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအောက် ၃ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁ ဒသမ ၅ ရာခိုင်နှုန်းထက် ကျော်လွန်မကောက်ခံဖို့ သတ်မှတ်ထားပါတယ်။

 အာမခံပစ္စည်းမယူဘဲ  ထုတ်ချေးတဲ့ ချေးငွေတွေအပေါ်မှာ တောင်းခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကိုတော့ ဗဟိုဘဏ်အတိုးနှုန်းအောက် ၆ ရာခိုင်နှုန်းဖြစ်တဲ့ ၁၄ ဒသမ ၅ ရာခိုင်နှုန်းထက် ကျော်လွန် မကောက်ဖို့ သတ်မှတ်ထားတာပါ။ 

ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးရဲမင်းဦးက “လက်ရှိ အခြေအနေမှာ COVID-19 ကြောင့် တကမ္ဘာလုံး စိုးရိမ်ပြီး စီးပွားရေး ဆက်နွှယ်မှုတွေ လျော့နည်းသွားတာ၊ ကုန်သွယ်မှုနှေးကွေး ရပ်ဆိုင်းသွားတာတွေရှိနေတာကြောင့်  နိုင်ငံအသီးသီးက ဗဟိုဘဏ်တွေဟာ စီးပွားရေး ထိခိုက်မှုလျော့နည်းအောင် အတိုးနှုန်း ပြင်ဆင်နေကြတာဖြစ်တယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ပမာဏကိုထပ်မံ ပြင်ဆင်လျှော့ချလိုက်တာ ဖြစ်တယ်” လို့ ပြောပါတယ်။

အခုအတိုးနှုန်းကို ဗဟိုဘဏ်က  ဒုတိယအကြိမ်မြောက်လျှော့ချပေးခဲ့တာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ကလည်း ဗဟိုဘဏ်ကညွှန်ကြားချက်ထုတ်ပြန်ပြီး  အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းကနေ ၉ ဒသမ ၅ ရာခိုင်နှုန်းလို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီးတော့  သုည ဒသမ ၅ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပါတယ်။

စိုးချစ်ပိုင်

Tags:

Source : DVB