fbpx

ပဲခူးစက်မှုဇုန်တွင် တရုတ်နိုင်ငံသားတစ်ဦး လဲကျကာ ဆေးရုံပို့လိုက်သည်ဆိုသောသတင်း မဟုတ်မှန်ဟုဆို

တောင်ငူ၊ မတ်၂၄
ပဲခူးစက်မှုဇုန်ရှိ စက်ရုံတစ်ရုံတွင် မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ဖြင့် လဲကျ‌ပြီး ဆေးရုံပို့လိုက်ရသည့်သတင်းမှာ မဟုတ်ကြောင်း ပဲခူးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောကြားသည်။
“သတင်းအမှားကြီးပါ။ စက်ရုံတစ်ခုက ကလပ်မောင်းတဲ့ တရုတ်အမျိုးသားတစ်‌ယောက် အပူရှပ်သွားတဲ့သဘောပါ။ ကနေ့အထိ ပဲခူးစက်မှုဇုန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မတွေ့ရသေးဘူး”ဟု  ၎င်းကဆက်လက်ပြောဆိုသည်။
ပဲခူးမြို့ရှိ စက်မှုဇုန်နယ်မြေနှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းဖြန့်ဝေသူများကို ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့ကပင် ပဲခူးစက်မှုဇုန်နယ်မြေ စီမံခန့်ခွဲရေးကော်မတီက သတင်းထုတ်ပြန် ထားသည်။
ပဲခူးစက်မှုဇုန်နယ်မြေအတွင်း တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားအချို့ နေထိုင်လုပ်ကိုင်နေရာ မတ် ၂၀ ရက်နေ့က တစ်ကြိမ်၊ မတ်လ၂၄  ရက်နေ့က တစ်ကြိမ် ယင်းစက်ရုံများရှိ  တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသည်၊ ဆေးဝါးကုသနေရသည်ဟူသော သတင်းမှားများကို လူမှုကွန်ရက်တွင် ရေးသားဖော်ပြနေကြခြင်းဖြစ်သည်။
ကူးစက်မြန် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ပြဿနာကို လုံးဝထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ပဲခူးစက်မှုဇုန်သို့ နှစ်ကူးပြန်လာသူ တရုတ်နိုင်ငံသားတိုင်းကို ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေးမှု ခံယူခိုင်းထားပြီးဖြစ်ကြောင်း စက်မှုဇုန် နယ်မြေစီမံခန့်ခွဲမှုကော်မတီထံမှ စုံစမ်းသိရှိရသည်။
ပဲခူးစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် တရုတ်နိုင်ငံသား ၈၀ဝ ကျော်အနက် ၄၀ဝ ကျော်သည် နှစ်ကူးချိန်တွင် တရုတ်သို့ ပြန်သွားခဲ့ကြပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ကစ၍ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကာ သံသယရှိသူသာမက တရုတ်လူမျိုးတိုင်း (နိုင်ငံသား မဟုတ်သူ)ကို သီးခြားအခန်းများတွင်ထားကာ စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ် သည်။ 
R-02

Source : The Voice