fbpx

ကွဲကွဲပြားပြား မသိရသေးတဲ့ အီဂါလိုရဲ့ အနာဂတ်

အိုဒီယွန်အီဂါလို မန်ယူနိုက်တက်အသင်းမှာ ကာလရှည် ဆက်ရှိနိုင်မလားဆိုတာ အခုထိ မသေချာသေးဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အီဂါလိုဟာ ယူနိုက်တက်အသင်းကို ရာသီကုန် အငှားစာချုပ်နဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောက်ရှိလာသူဖြစ်ပြီးတော့ သူ့စာချုပ်ဟာ မေလ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။ 

ဒါပေမဲ့ သူဟာ ယူနိုက်တက်မှာ ချက်ချင်းအထိုင်ကျခဲ့သူဖြစ်ပြီး အသင်းအတွက် ၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး  ဖြစ်ပါတယ်။  

ကစားသမားနဲ့ နီးစပ်သူတွေရဲ့အဆိုအရ နိုင်ဂျီးရီးယားလက်ရွေးစင်ဟာ ယူနိုက်တက်အသင်းနဲ့ အမြဲတမ်း စာချုပ်ချုပ်ဆိုနိုင်ဖို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပေမယ့် အသင်းဘက်ကတော့ အခုအချိန်အထိ ဒီကိစ္စအပေါ် ဆောင်ရွက်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း အခြေအနေတွေဟာ ပိုပြီးတော့ ရှုပ်ထွေးလာနေပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ကို ရပ်ထားခဲ့ရပြီး လက်ရှိအချိန်အထိ အပြောင်းအရွှေ့ ကိစ္စရပ်တွေအပေါ် ဘယ်လို ဆုံးဖြတ်မလဲဆိုတာ မရှင်းလင်းသေးပါဘူး။ 

လက်ရှိ အီဂါလိုနဲ့ သူ့မိခင်ကလပ်ဖြစ်တဲ့ ရှန်ဟိုင်း ရှင်ဟိုအသင်းတို့ရဲ့ စာချုပ်အရ ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ရာသီကုန်အထိ ဆက်ရှိနေမှာဖြစ်ပြီး အသင်းသာ ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်ခဲ့ရင်  ဝင်ကစားခွင့်ရှိနေပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်မယ်ဆိုရင်တောင် ရာသီကုန်ဆုံးချိန်ဟာ  မေလ ကုန်ပိုင်းကို ကျော်သွားနိုင်ခြေ ရှိနေတာကြောင့် ယူနိုက်တက်အသင်းဘက်က စာချုပ်ပါ သက်တမ်းကို  ထပ်တိုးပေးဖို့ တောင်းဆိုသွားဖွယ် ရှိနေပါတယ်။ 

ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်းဟာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်နေရာကို ယာယီအစားထိုးပေးဖို့အတွက် ရောက်ရှိလာတာ ဖြစ်ပေမယ့် အသင်းနဲ့ ၈ ပွဲ ကစားပြီးချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက်  နည်းပြ ဆိုးလ်ရှားကိုယ်တိုင် သူ့ကို အပြီးသတ် ခေါ်ယူဖို့ စဉ်းစားသွားမယ်လို့ ဝန်ခံထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ယူနိုက်တက်အသင်းမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး  ကစားသမားကို The Sun သတင်းစာက မေးမြန်းခဲ့ရာ “ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီအကြောင်းအရာကိုသာ အာရံစိုက်ပြီး စာချုပ်ကိစ္စကို လုံးဝစဉ်းစားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

Tags:

Source : DVB