fbpx

ဗြိတိန်အိမ်ရှေ့မင်းသားချားလ်စ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

လန်ဒန်၊ မတ် ၂၅
ဗြိတိန်(ယူကေ)နိုင်ငံ၏ အိမ်ရှေ့မင်းသား ချားလ်စ်သည် COVID-19 အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တော်ဝင်မိသားစု၏ သတင်းထုတ်ပြန်ချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 
လန်ဒန်၊ ဝက်စ်မင်စတာစီတီရှိ ဗြိတိန်တော်ဝင်မိသားစု၏ အိမ်တော်မှ ထုတ်ပြန်သောသတင်းအရ ယခုအခါ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သော အိမ်ရှေ့မင်းသားချားလ်စ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာ အနည်းငယ် ဖြစ်ပေါ်ခံစားနေရသည်ဟု ဆိုသည်။ 
၎င်း၏ ကြင်ယာတော်ဖြစ်သူ ကမ်မီလာကို စမ်းသပ်စစ်ဆေးခဲ့သော်လည်း ဗိုင်းရပ်စ်မတွေ့ရှိရကြောင်း သတင်းထုတ်ပြန်သည်။ 
ယခုအခါ ချားလ်စ်နှင့် ကမ်မီလာတို့မှာ ဘာမိုရယ်တွင် သီးခြားနေထိုင်လျက်ရှိသည်။ ချားလ်စ်မှာမူ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က နေအိမ်တွင် အလုပ်လုပ်လျက်ရှိခဲ့သည်ဟုဆိုသည်။ 
ဗြိတိန်အစိုးရနှင့် ကျန်းမာရေးအာဏာပိုင်အဖွဲ့၏ အကြံပေးချက်များအတိုင်း မင်းသားချားလ်စ်နှင့် ကြင်ယာတော်တို့သည် ယခုအခါ စကော့တလန်ရှိနေအိမ်တွင် သီးခြားနေထိုင်လျက်ရှိသည်ဟု ကြေညာချက်ကဖော်ပြသည်။ 
ချားလ်စ်မင်းသားသည် မကြာသေးခင် သီတင်းပတ်များအတွင်း လူအများတက်ရောက်သော အခမ်းအနားများသို့သွား ရောက်ခဲ့ရာ မည်သူမည်ဝါထံမှ ဗိုင်းရပ်စ်ကူးစက်ခံရသည်ဆိုသောအချက်ကို မသိနိုင်ကြောင်းလည်း ဖော်ပြသည်။ 
F-01

Source : The Voice