fbpx

စင်ကာပူတွင် နေအိမ်အပြင်မထွက်ရ အမိန့်ချိုးဖောက်သူများကို တရားစွဲဆိုပြစ်ဒဏ်ချမည်ဟု ပြည်ထဲရေးဝန်ကြီး သတိပေး

စင်ကာပူ၊ မတ် ၂၅
စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန် ပြည်ပမှ ဝင်ရောက်လာသူများအတွက် ထုတ်ပြန်ထားသော ၁၄ ရက် နေအိမ်အပြင်မထွက်ရ အမိန့်ကြေညာချက်ကို ဖောက်ဖျက်သူမည်သူ့ကိုမဆို စင်ကာပူတရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဥပဒေနှင့်ပြည်ထဲရေးဆိုင်ရာဝန်ကြီး ကေရှန်မူဂန်က ဗုဒ္ဓဟူးနေ့က ပါလီမန်တွင်ပြောကြားသည်။ 
“ကျွန်တော်မှာ အင်မတန်ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေရရှိထားပါတယ်။ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာချက်အတိုင်း မလိုက်နာဘဲဖောက်ဖျက်တယ်ဆိုရင် ကျွန်တော်တို့က တရားရုံးမှာတရားစွဲဆိုမှာပဲဖြစ်ပါတယ်” ဟု ဝန်ကြီးကေရှန်မူဂန်က ပြောကြားသည်။ 
စင်ကာပူတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ အမိန့်ထုတ်ပြန်ချက်များရှိသော်လည်း ဖောက်ဖျက်ကျူးလွန်မှုများ ရှိနေသည်။ 
ယင်းကိစ္စနှင့်ပတ်သက်၍ စင်ကာပူအာဏာပိုင်များက တင်းတင်းကျပ်ကျပ်နှင့်  ပြတ်ပြတ်သားသားကိုင်တွယ်ရန် ကြိုးပမ်းလျက်ရှိစဉ် ဥပဒေနှင့် ပြည်ထဲရေးရာဝန်ကြီးက ထိုသို့ထုတ်ဖော်သတိပေးလိုက်ခြင်းဖြစ်သည်။ 
စင်ကာပူနိုင်ငံသို့ ဝင်ရောက်လာသူများအနေနှင့် ၁၄ ရက်တိတိ နေအိမ်ထဲတွင် သီးခြားနေထိုင်ပြီးမှ အပြင်ထွက်ရန်  အမိန့်ထုတ်ပြန်ထားသည်။ 
လတ်တလောအနေအထားတွင် ဗြိတိန်အပါအဝင် အခြားအနောက်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများသည်  နေအိမ်ထဲတွင်မနေထိုင်ဘဲ အပြင်ထွက်ကာ အစားအသောက်ထွက်စားခြင်း၊ နေအိမ်သို့ မိတ်ဆွေသူငယ်ချင်းများ ဖိတ်ခေါ်ကာ ပါတီပွဲများကျင်းပပြုလုပ်ခြင်း၊ ကလပ်နှင့်ဘားများသို့သွားရောက်ခြင်း စသည်တို့လုပ်ဆောင်လျက်ရှိသည်ကို ကြားသိရကြောင်း ဝန်ကြီးရှန်မူဂန်က ဆိုသည်။ 
“စင်ကာပူနိုင်ငံသားတွေအတော်များများ ဒီသတင်းကိုကြားရတော့ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 
မြန်မာနိုင်ငံသို့သွားရောက်ပြီး စင်ကာပူသို့ ပြန်လည်ရောက်ရှိလာသော စင်ကာပူနိုင်ငံသားတစ်ဦးသည်လည်း နေအိမ်တွင်သာနေထိုင်ရန် အမိန့်ညွှန်ကြားချက်ကိုဖောက်ဖျက်ပြီး အိမ်ပြင်ထွက်၍ အစားအသောက်ထွက်စားခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း ၎င်းကဆိုသည်။ 
အဆိုပါအမျိုးသားသည် ထိုသို့သတိပေးချက်ကို ချိုးဖောက်ကာ အပြင်ထွက်၍ စားသောက်ဆိုင်သွားခဲ့သည့်ကိစ္စကို Facebook စာမျက်နှာပေါ်တွင်တင်ခဲ့ကြောင်း ၎င်းကဆိုသည်။ 
“အဲဒီကိစ္စကို အသေအချာစုံစမ်းဖော်ထုတ်ဖို့ ကျွန်တော်ပြောထားတယ်” ဟု ၎င်းကဆိုသည်။ 
F-01

Source : The Voice