fbpx

အီတလီနှင့်စပိန်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်၊ ဂျာမနီတွင် ကူးစက်မှုများသော်လည်း သေဆုံးမှုနှုန်း နည်းပါး

ရောမ – မီလန် – ဘာလင်၊ မတ် ၂၅ 
ယခုအခါ ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ဖြစ်ပွားနေသည့် ဗဟိုချက်ဖြစ်နေသော ဥရောပဒေသမှ အီတလီ၊ စပိန်နှင့် ဂျာမနီတို့တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ မြင့်တက်လျက်ရှိကြောင်း CNBC သတင်းဌာနက ရေးသားဖော်ပြသည်။ 
အီတလီတွင် ပြီးခဲ့သည့်နှစ်ရပ်ခန့်က သေဆုံးမှုနှုန်း အနည်းငယ်မျှသာမြင့်တက်ခဲ့သော်လည်း အင်္ဂါနေ့တွင် ဆိုးဆိုးရွားရွား ထပ်မံမြင့်တက်လာကြောင်း၊ ယင်းတစ်နေ့တည်း သေဆုံးသူ ၇၄၃ ဦးရှိကြောင်း အီတလီအစိုးရက ထုတ်ပြန်သောသတင်း အချက်အလက်များအရ သိရသည်။ 
အဆိုပါပမာဏသည် တနင်္ဂနွေနေ့နောက်ပိုင်း သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ 
ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ယင်းဗိုင်းရပ်စ်ကူးစက်ခံနေရသည့်အနက် အီတလီသည် ဗိုင်းရပ်စ်အဆိုးဆုံး ကူးစက်ခံနေရသည့်နိုင်ငံဖြစ်သည်။ 
မတ်လ ၂၅ ရက်နေ့အထိရရှိသော သတင်းများအရ အီတလီတွင် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း  ၆,၈၂၀ ဦးသေဆုံးသွားပြီဖြစ်သည်။ 
သို့သော် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရမှုနှုန်း လျော့ကျသွားသည်မှာ မတ်လ ၂၅ ရက်နေ့အထိ သုံးရက်ဆက်တိုက်ရှိပြီ ဖြစ်ကြောင်း အီတလီကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်ခံရသူ စုစုပေါင်း ၆၉,၁၇၆ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်းသွားသူ ၈,၃၂၆ ဦးရှိသည်ဟု သိရသည်။ 
စပိန်နိုင်ငံမှာ ဥရောပတွင် ဒုတိယအဆိုးရွားဆုံးကူးစက်ခံရသည့် နိုင်ငံဖြစ်ပြီး အင်္ဂါနေ့တစ်ရက်တည်း သေဆုံးသူ ၅၀၄ ဦး ရှိကြောင်း၊ စုစုပေါင်းသေဆုံးသူ ၂,၉၉၁ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။ စပိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၄၂,ဝ၅၈ ဦး ရှိသည်။ 
စပိန်နိုင်ငံ၏မြို့တော်မီလန်မှာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုနှုန်းအမြင့်ဆုံး ဖြစ်သည်။ စပိန်သည်လည်း အီတလီနှင့်  အခြားနိုင်ငံများကဲ့သို့ပင် မတ်လလယ်ခန့်ကစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ပြင်မထွက်ရအမိန့်ထုတ်ပြန်ကာ Lockdown လုပ်ထားသည်။ 
ထိုသို့ တစ်နိုငံလုံး Lockdown လုပ်ထားစဉ်ကာလအတွင်း တစ်စုံတစ်ဦးသေဆုံးပါက ကျန်ရစ်သူမိသားစုများအနေနှင့် ဈာပနအခမ်းအနားပြုလုပ်တက် ရောက်ခွင့်မပြုပေ။ 
ဂျာမနီနိုင်ငံတွင်မူ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစ၍ ယခုအထိ သေဆုံးသူ ၁၁၄ ဦးနှင့် ကူးစက်ခံရသူ ၃၂,၉၉၁ ဦးရှိသည်။ 
ဂျာမနီသည် အခြားဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ကူးစက်ခံရမှုနှုန်း မြင့်မားသည့်နိုင်ငံဖြစ်သော်လည်း သေဆုံးမှုနှုန်း နည်းပါးသည်ကိုတွေ့ရသည်။ 
F-01

Source : The Voice