fbpx

ကိုရိုနာရောဂါကို ရိုးရှင်းထိရောက်စွာ ကာကွယ်နိုင်မည့်နည်းလမ်းများ

လက်ရှိကမ္ဘာတစ်ဝန်းမှာ အဖြစ်များနေတဲ့ COVID-19  (ဝူဟန်ကိုရိုနာ) ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရတဲ့ လူနာ ၃ ဦး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိထားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ စောင့်ကြည့်လူနာကလည်း ၂၁၂ ဦးအထိရှိနေသေးပြီး လူနာဦးရေတိုးပွားလာနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် လူထုအနေနဲ့အရင်က ထက်ပိုပြီး မိမိနဲ့ပတ်ဝန်းကျင်ကို အလေးထား စောင့်ရှောက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ 
တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှု ပိုင်းတွေမှာ ပိုမိုအလေးအနက်ထား ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ ဖြစ်နိုင်ရင် Social Distancing (သီးခြားနေထိုင်ခြင်း) နည်းလမ်းကိုအသုံးပြုပြီး ရောဂါကူးစက်မှုဘေးကို ကာကွယ်နိုင်ပါတယ်။ 
တချို့သောတိုင်းပြည်တွေမှာ ရောဂါကူးစက်ပျံ့နှံ့မှုလျင်မြန်ခဲ့တာမို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ ကူးစက်ခံရသူအရေအတွက် အရှိန်အဟုန်နဲ့ တိုးပွားလာခဲ့ပြီး သေဆုံးမှုနှုန်းလည်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ ကြည့်မယ်ဆိုရင်တော့ သေဆုံးနှုန်းဟာ ၄.၄ ရာခိုင်နှုန်းသာရှိတာမို့ တခြားရောဂါကပ်ဘေးကြီးတွေဖြစ်ကြတဲ့ MERS တို့၊ SARS တို့ထက်များစွာ နည်းပါးတဲ့ပမာဏဖြစ်ပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတချို့မှာ ရောဂါကူးစက်နှုန်းမြန်နေတာ၊ မိမိတို့တိုင်းပြည်က အများပြည်သူသုံး တက္ကစီ၊ ကယ်ရီ၊ YBS စတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကလည်း ကူးစက်နိုင်ခြေမြင့်မားနေတာတွေကြောင့် သတိကြီးကြီးထားပြီး နေထိုင်ဖို့လိုအပ်နေတာတော့ အမှန်ပါ။ 
ဒါကြောင့် ခုလိုအချိန်မှာ မိမိနဲ့မိမိပတ်ဝန်းကျင် ကို ရောဂါကူးစက်မှုမဖြစ်ပွားအောင် တားဆီးကာကွယ်နိုင်ဖို့ လိုအပ်နေပါတယ်။ ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့ဆိုရင် လိုက်နာစောင့်ထိန်းရမယ့် နည်းလမ်းတွေရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆိုပါ နည်းလမ်းတွေကို လိုက်နာပြီး ရောဂါကူးစက်နိုင်ခြေကို ကာကွယ်နိုင်ပါတယ်။ 
လတ်တလော ကိုယ်ကကျန်းမာနေတယ်ဆိုရင် 
• ဒါတွေကို လိုက်နာပါ
လက်ကို စင်ကြယ်စွာဆေးပါ။ အနည်းဆုံး စက္ကန့် ၂၀ လောက်ကြာအောင်ဆေးပါ။ ရေနဲ့ ဆပ်ပြာနဲ့ ဆေးတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါတွေမရနိုင်ရင်တော့ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း နဲ့အထက်ပါဝင်တဲ့ Hand Sanitizer/ Hand Gel မျိုးနဲ့ဆေးကြောသန့်စင်ပါ။ ဘယ်အချိန်တွေမှာ ဆေးရမလဲဆိုရင် အစားအစာမစားခင်၊ အိမ်သာသုံးပြီးချိန်၊ နှာချေချောင်းဆိုး ပြုလုပ်ပြီးချိန်၊ လူအများအသုံးပြုထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်မိပြီးချိန်တွေမှာ အဓိကဆေးကြောရမှာဖြစ်ပါတယ်။ 
ရောဂါလက္ခဏာတွေကို စစ်ဆေးနေပါ။ ချောင်းဆိုတာ၊ နှာချေတာ၊ ဖျားတာ၊ နာတာ၊ အသက်ရှူရခက်တာတွေဟာ ရောဂါက္ခဏာတွေ ဖြစ်ပါတယ်။ ဒီအချက်တွေကိုယ့်မှာ ရှိနေတယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ 
အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ ကို ရှောင်ကြဉ်ပါ။ တကယ်လို့ မိမိတို့ရဲ့အိမ်မှာ အသက် ၆၀ နဲ့ အထက်အရွယ် လူကြီးသူမတွေရှိနေရင် ပိုဂရုစိုက်ပေးပါ။ သူတို့ကို အပြင်မထွက်ဘဲ နေအိမ်ထဲမှာပဲ နေထိုင်စေတာက အကောင်းဆုံးပါပဲ။ လူကြီးတွေဟာ ရောဂါကြောင့်ထိခိုက်နိုင်ခြေမြင့်မားပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါစတဲ့ ဝေဒနာခံစားနေရသူတွေဟာ ပိုပြီးသတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။
မိမိဟာ ရောဂါကူးစက်ခံရသူရှိတဲ့ တိုင်းပြည်၊ နေရာ၊ ဒေသက ပြန်လာသူဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း တိတိကျကျလိုက်နာနေထိုင်ပါ။ မြန်မာပြည်မှာတော့ နေအိမ်အတွင်းမှာ ၁၄ ရက်ကြာ Isolation လုပ်ပြီး နေထိုင်ဖို့ စည်းမျဉ်းသတ်မှတ်ထားပါတယ်။ 
Social Distancing နည်းလမ်းနဲ့ နေထိုင်နိုင်အောင် ကြိုးစားနေထိုင်ပါ။ လူစုလူဝေးကို ရှောင်ပါ။ လူတစ်ဦးနဲ့တစ်ဦးအကြား အနည်းဆုံး ၃ ပေ၊ အများဆုံး ၆ ပေလောက် အကွာကနေပြောဆိုဆက်ဆံပါ။ 
ကျန်းမာရေးကို အထူးအလေးပေး ဂရုစိုက်ပါ။ အခုချိန်မှာ လေ့ကျင့်ခန်းအလွန်အမင်းလုပ်တာတွေ၊ အစားလျှော့ပြီး ဝိတ်ချတာတွေ ရပ်ပစ်ပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အစားအစာကို ဝဝလင်လင်နဲ့ အာဟာရပြည့်ပြည့်ဝ၀စားသောက်ဖို့ အရေးကြီးပါတယ်။ 
ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေရဲ့ ကျန်းမာရေးအခြေအနေကိုလည်း လေ့လာအကဲခတ်ပါ။ ဘေးအန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေမျိုးကို တွေ့မြင်ရရင် တာဝန်သိသိ သက်ဆိုင်ရာကျန်းမာရေးဌာနကို အကြောင်းကြားပါ။ 
• ဒါတွေကို ရှောင်ကြဉ်ပါ
မျက်စိ၊ ပါးစပ်၊ နှာခေါင်း စတာတွေကို ထိကိုင်တာမျိုးကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ တကယ်လို့ ကိုယ့်မှာ ပိုးကပ်ငြိနေတယ်ဆိုရင် မျက်နှာအစိတ်အပိုင်းတွေကို ထိကိုင်မိတာက ရောဂါပိုးကိုယ်ထဲကို ဝင်ရောက်နိုင်ဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်စေနိုင်ပါတယ်။ 
မျက်နှာဖုံးကို မလိုအပ်ဘဲ ဝတ်မထားပါနဲ့။ Mask တွေဟာ သူများဆီကို ကိုယ့်ဆီကပိုးမကူးအောင်သာ ကာကွယ်နိုင်တာဖြစ်ပါတယ်။ အမြဲတမ်းဝတ်ဆင်ထားမယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို ပြန်ထိခိုက်စေနိုင်ပါတယ်။ 
နေမကောင်းရင် ဒါမှမဟုတ် နှာစေး၊ ချောင်းဆိုးတာမျိုးဖြစ်နေရင် ခရီးလုံးဝမသွားပါနဲ့။ ဒီလိုအချိန်မျိုးမှာ ခရီးသွားတာဟာ မိမိကိုယ်တိုင်ကိုသာမက အများပြည်သူအတွက်ပါ အန္တရာယ်များတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ 
အကြောက်မလွန်ပါနဲ့။ ရောဂါကူးစက်မှုဟာ တချို့သောနိုင်ငံအနည်းငယ်လောက်မှာကလွဲပြီး နိုင်ငံအများစုမှာ ထင်သလောက် ကြောက်ဖို့မကောင်းပါဘူး။ သေဆုံးနှုန်းကလည်း နည်းပါတယ်။ အလွန်အမင်းကြောက်ရွံ့တာမျိုး မဖြစ်ပါစေနဲ့။ သတိရချိန်တိုင်းမှာ လက်ဆေးပေးပါ။ 
တုပ်ကွေးတစ်မျိုးမျိုးခံစားရရင် စနစ်တကျ ကုသနိုင်ဖို့ကြိုးစားပါ။ ကိုယ့်မှာတုပ်ကွေးရှိနေတာကြောင့် ယုန်ထင်ကြောင်ထင် အထင်ခံရမှာကို မစိုးရိမ်ပါနဲ့။ ကျန်းမာရေးဌာနကို မဖြစ်မနေသွားပြီး အလျင်အမြန်ပျောက်ကင်းအောင် ကုသပါ။ 
အရာဝတ္ထုတွေကို ကိုင်တွယ်ရမှာကိုမကြောက်ပါနဲ့။ ရောဂါပိုးဟာမာကျောတဲ့ မျက်နှာပြင်တွေမှာ ကပ်ငြိနေနိုင်တာမှန်ပေမယ့် အရာရာကိုမကိုင်ရဘူးလို့ မသတ်မှတ်ထားပါဘူး။ တစ်စုံတစ်ခုကို ကိုင်တွယ်ပြီးတိုင်း ပုံမှန်လက်ဆေးပေးပြီး ဘေးရန်ကို ကာကွယ်နိုင်ပါတယ်။ 
ကိုယ့်မှာ အဖျားဝေဒနာ တစ်စုံတစ်ရာရှိနေခဲ့မယ် ဆိုရင် 
• ဒါတွေကို လိုက်နာပါ 
နေမကောင်းတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားနေရရင် အကူအညီပေးနိုင်မယ့်သူကို ဦးစွာရှာဖွေပါ။ နီးစပ်ရာဆေးဆိုင်ကနေ ဆေးဝယ်သောက်တာမျိုးထက် ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး Protocol အတိုင်း ကုသမှုခံယူပါ။ 
နှာစေး၊ ချောင်းဆိုးချိန်တွေမှာ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးစက္ကူစနဲ့ အကာအကွယ် ပြုလုပ်ဖြစ်တယ်ဆိုရင် ကိစ္စပြီးတာနဲ့အဆိုပါ အစကို အမှိုက်ပုံးထဲကို လျင်မြန်စွာထည့်ပြီး အမှိုက်ပုံးကို လုံခြုံစွာဖုံးပိတ်ထားပါ။ 
ကိုယ့်မှာ ဖျားတာနာတာ ခံစားနေရတယ်၊ ဒါမှမဟုတ် ရောဂါကူးစက်ခံထားရတယ်လို့ သံသယရှိနေတယ်ဆိုရင်တော့ မျက်နှာဖုံးတပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ နည်းမှန်လမ်းမှန်တပ်ဖို့ လိုအပ်သလို လမ်းညွှန်ချက်တွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။
နေအိမ်ကို စနစ်တကျသန့်ရှင်းပေးနိုင်မယ့် သူအိမ်မှာရှိပါစေ။ ရောဂါကို ကာကွယ်နိုင်ဖို့ရောဂါပိုးတွေ မပြန့်ပွားနိုင်ဖို့ရော နေအိမ်ကို စနစ်တကျ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။
• ဒါတွေကို ရှောင်ကြဉ်ပါ
ဆရာဝန်နဲ့ တွေ့ဆုံဖို့ မိမိဆန္ဒအလျောက် အပြင်ကိုထွက်မသွားပါနဲ့။ တက္ကစီ၊ YBS စတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်တွေနဲ့ သွားလာတာဟာ တခြားပြည်သူတွေအတွက်လည်း အန္တရာယ်ရှိနိုင်ပါတယ်။ 
ကိုယ့်မှာ ရောဂါသံသယရှိနေတယ်ဆိုရင် မိသားစုဝင်တွေ၊ အိမ်မွေးတိရစ်ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ဆက်ဆံမှုမျိုး ရှောင်ကြဉ်ပါ။ သီးခြားခွဲနေပါ။ 
ကိုယ့်ဆန္ဒနဲ့ကိုယ် ပိုးသတ်ဆေးတွေ၊ ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အဆိုပါဆေးတွေဟာ ဗက်တီးရီးယားတွေကို နှိမ်နင်းနိုင်တာမှန်ပေမယ့် COVID-19 ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 ရောဂါပိုးဟာ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အမျိုးအစား တူညီမှုမရှိပါဘူး။ 
ဖျားနာနေရင် လမ်းဘေးဆေးဆိုင်တွေက စပ်ဆေးတွေ ဝယ်ယူသောက်သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။ 
အထက်ပါနည်းလမ်းတွေဟာ ရောဂါကူးစက်လာနိုင်ခြေကို ရာခိုင်နှုန်းအများအပြား လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ လက်ရှိမှာ COVID-19 ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမျိုးကို တရားဝင်ထုတ်ဖော် ကြေညာနိုင်ခြင်းမရှိသေးပါဘူး။ 
ဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို ကိုယ်တိုင်ကာကွယ်မှု ပြုလုပ်တာကသာ ရောဂါကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အခုအချိန်အထိ သက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေအရဆိုရင်လည်း ဖြစ်မှကုတာထက် ကြိုတင်ကာကွယ်တာကသာ အကောင်းဆုံးနည်းလမ်းလို့ ဆိုထားတယ် မဟုတ်လား။
မောင်မိုးဇွန်

Source : The Voice