fbpx

တစ်ဦးချင်း တိုက်ဖျက်ရမယ့် ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကတော့ အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ အမှန်တကယ်ကိုကပ်ငြိလာခဲ့ပါပြီ။ ယခင်ရက်တွေက  ကမ္ဘာ့နိုင်ငံအားလုံးလိုလို ကူးစက်ခံနေကြရချိန် ကျွန်တော်တို့နိုင်ငံအပါအဝင် ၂ နှစ်နိုင်ငံ၊ သုံးနိုင်ငံသာ ကျန်တော့တဲ့ အချိန်ကတည်းက နောက်ဆုံးမှာတော့ ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်း ရောဂါပိုးကူးစက်ခံရတော့မယ်ဆိုတာ တွေးမိထားကြတာပါပဲ။ တွေးမိ ထားကြတာနဲ့အတူ အခုတော့တကယ်ကို ကူးစက်လာခဲ့ပါပြီ။ အခုလက်ရှိမှာတော့ ပလူ ၊ ချောင်းသာ၊ ငွေဆောင်နဲ့ ဂေါ်ရင်ဂျီကျွန်းအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အပန်းဖြေနေရာတွေကို ခရီးသွားလာမှုတွေ ပိတ်သိမ်းထားပြီး တောင်ငူ၊ တောင်ကြီး၊ မိတ္ထီလာ၊ ပဲခူး၊ ပုသိမ် အပါအဝင် တက္ကသိုလ်တွေ အားလုံးနီးနီးကိုလည်း ဖြေဆိုနေဆဲစာမေးပွဲများရပ်ဆိုင်းပြီး ပိတ်ခဲ့တာအားလုံးအသိပဲ ဖြစ်ပါတယ်။
ဒါဆို ကျွန်တော်တို့ဘာလုပ်ကြမလဲ။ ကျွန်တော်တို့တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ မိသားစုတစ်စုချင်းနဲ့ မြို့တစ်မြို့၊ ရွာတစ်ရွာအတွင်းမှာ ရောဂါ ကူးစက်မခံရအောင် ဘယ်လိုအစီအမံတွေ ချမှတ်လုပ်ဆောင်ကြမလဲဆိုတာက အခုတကယ်ကို အရေးကြီးလာပါပြီ။ ဒီအတွက်လည်း အစိုးရကျန်းမာရေးဌာနက ထုတ်ပြန်ထားတာတွေ များစွာရှိနေသလို အခြားနိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားနေတဲ့ ဖြစ်စဉ်ကာလတစ်လျှောက်လုံးမှာ လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွေ အထက်ကနေပြီး ဖတ်ခဲ့ကြ၊ မြင်ခဲ့ကြတာတွေလည်း အသီးသီးအသကရှိခဲ့ကြပြီး သိခဲ့ကြပြီး ဖြစ်ကြမှာပါပဲ။
အခုအခြေအနေမှာတော့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချိန်ဖြစ်လာတဲ့အတွက် ပထမဦးဆုံးအနေနဲ့ ဒီရောဂါပိုးကူးစက်မခံရ အောင်ဆိုရင် ကျွန်တော်တို့ တစ်ဦးချင်း၊ မိသားစုထဲမှာ၊ အလုပ်ထဲမှာ၊ ပတ်ဝန်းကျင်မှာ၊ မြို့ရွာတွေအထဲမှာ ဘယ်လိုနေထိုင် လိုက်နာကြရမလဲ ဆိုတာတွေအပေါ် ပြန်လည်ဆွေးနွေးကြရအောင်ပါ။
ကူးစက်ခံနေရပြီလား၊ မခံရသေးဘူးလား သိအောင် ဘယ်လိုသိနိုင်မလဲ
ပထမဦးဆုံးအနေနဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ မိမိခန္ဓာကိုယ်မှာ ကူးစက်ခံရနေပြီလား၊ မခံရသေးဘူလားဆိုတာ အလွယ်တကူ လူတိုင်းသိရှိနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေကတော့ အသက်ပြင်းပြင်းရှူပြီး ၁၀ စက္ကန့်ကြာအောင် အသက်အောင့်ထားပါ။ ချောင်းမဆိုးဘဲ၊ ရင်မကျပ်ဘဲ၊ မမောပန်းဘဲ အလွယ်တကူပြုလုပ်နိုင်တယ်ဆိုရင် သင့်အဆုတ်မှာ အမာရွတ်မရှိသေးတဲ့အတွက် သင့်မှာအဆုတ်ရောင်ရောဂါ ဖြစ်မနေသေးသလို ရောဂါကူးစက်မခံရသေးဘူးလို့ ယူဆနိုင်ပါတယ်။ ဒီစမ်းသပ်နည်းကို နေ့စဉ်နေ့တိုင်း မနက်အိပ်ရာထခါစမှာ ရက်ဆက်ပြုလုပ်ပေးပါလို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေက ဆိုထားတာ မှတ်သားမိပါတယ်။
တစ်ဦးချင်း လိုက်နာကြရမှာတွေကဘာတွေလဲ 
ဒါ့အပြင် တစ်ဦးချင်းအနေနဲ့ ဒီတစ်နှစ်အချိန်အတောအတွင်းမှာ အိပ်ရေးဝအောင်အိပ်ဖို့၊ နံနက်စာ ပုံမှန်စားဖို့၊ ဒိန်ချဉ်နဲ့ကြက်သွန်ဖြူ  များများစားပေးဖို့နဲ့ ပျားရည်နဲ့ချင်းရေ၊ သံပုရာရည်ကို သောက်ပေးဖို့၊ နေ့လယ် လက်ဖက်ရည်သောက်ပြီး ပုံမှန်လေ့ကျင့်ခန်းမှန်မှန် အနည်းဆုံး တစ်ပတ်တစ်ခါ လုပ်ပေးဖို့၊ နေရောင်ခြည်ကို မကြာခဏထိတွေ့ပေးဖို့တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလိုအစားအသောက်တွေစား၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ရင်း မိမိတစ်ဦးချင်းစီရဲ့စိတ်ကို တက်ကြွ၊ ရွှင်လန်းနေအောင်၊ အကောင်းမြင်တတ်အောင် နေထိုင်ကြရမယ်လို့လည်း သတိပေးထားပါတယ်။ သင်္ကြန်အချိန်မှာ အပြင်မထွက်ပါနဲ့။ ကမ်းခြေတွေ မသွားပါနဲ့။ မလိုအပ်ဘဲ အခမ်းအနား မလုပ်ပါနဲ့။ ဒီသင်္ကြန် မပျော်ရပေမယ့် နောင်နှစ်တွေအတွက် သင်္ကြန်များစွာ ရှိပါသေးတယ်။ သင်္ကြန်ကို အိမ်မှာနေရင်း မိသားစု စုစုစည်းစည်းနဲ့ မုန့်လုံးရေပေါ် လုပ်စားနေကြပါ။ အိမ်ထဲမှာပဲ ဆိုနေကနေကြပါ။ လက်ဆေးခြင်း၊ လက်သန့်ခြင်းဟာ အလွန်အင်မတန် အရေးကြီးပါတယ်။ လက်ကို မကြာခဏဆေးပေးပါ။ လက်သန့်ဆေးရည်သုံးပါ။ ဆေးရုံတွေကို သတင်းမေးသွားတာ လျော့ပါ။ မဖြစ်မနေသွားရမယ်ဆို တစ်ယောက်ပဲ သွားပါ။ လူနာစောင့်အပိုတွေ ခေါ်မလာပါနဲ့။ ဒီလူနာစောင့်တွေဟာ ပိုးသယ်ဆောင်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးရုံကပိုးကို အိမ်သယ်လာတဲ့အလုပ်တွေ မလုပ်မိပါစေနဲ့။ နံနက်စောစောတိုင်း ကြည်လင်တဲ့ ရာသီဥတု၊ နေရောင်ခြည်အောက်မှာ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ပါ။ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါလို့ဆိုထားပါတယ်။
Stay at Home အိမ်မှာပဲနေပါ၊ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့
စကတည်းက ပိုးမရှိဘူး၊ ကူးစက်နိုင်တဲ့အနေအထားလည်း မိမိတို့မှာ ရှိမနေဘူးဆိုရင် အခုကစပြီး အိမ်မှာပဲနေရင် ဘာမှမဖြစ်ပါ။ ပိုး တော့ရှိတယ်၊ ရောဂါလက္ခဏာမပြဘူး၊ ရှိမှန်းမသိဘူး။ ဒါပေမဲ့ အိမ်မှာပဲနေရင် သူများကိုမကူးနိုင်ပါ။ ရောဂါလက္ခဏာပြပြီး ပိုးရှိမှန်းသိလို့ အိမ်မှာပဲနေရင် ရောဂါပျောက်မြန်တဲ့အပြင် သူများကိုမကူးနိုင်ပါဘူး။အိမ်မှာမနေဘဲ အပြင်ထွက်မယ်ဆိုရင်တော့ ကိုယ့်မှာပိုးမရှိရင်လည်း ကိုယ့်ကိုကူးနိုင်တယ်၊ ကိုယ့်မှာ ပိုးရှိရင်လည်း သူများကိုကူးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ အိမ်မှာပဲနေပါ။ နိုင်ငံတော်ကို ကူညီပါ။ မိမိကိုယ်ကို ကာကွယ်ပါ။ Stay at Home အိမ်တွင်သာ တတ်နိုင်သလောက်နေပါလို့ အကြံပြုချင်ပါတယ်။
မိသားစုထဲမှာ ဘယ်လိုနေထိုင်ကာကွယ်ကြမလဲ
မိမိ မိသားစုထဲမှာပဲ အပြင်မသွားဖို့၊ ရောဂါမကူးအောင် တစ်ဦးချင်းလိုက်နာရမယ့်အချက်တွေ လိုက်နာဖို့ မိမိနေအိမ်အတွင်းမှာပဲ စည်းကမ်းထုတ်ထားတာကို Lockdown လို့ခေါ်ပါတယ်။ ဒီစနစ်လုပ်လာပြီဆိုရင်တော့ မိမိတို့မိသားစုအိမ်တွေရဲ့ လိုအပ်ချက်ကို အစိုးရတာဝန်ရှိသူတွေက  စီစဉ်ပေးလုပ်ဆောင်ပေးရမှာဖြစ်ပြီး မိမိတို့မိသားစုဝင်တစ်ဦးဦးအနေနဲ့ အပြင်ထွက်ပြီး ဈေးဝယ်ရမယ်ဆိုရင် တစ်ဦးသာ ထွက်ပြီးဝယ်ရမှာဖြစ်ပါတယ်။
အပြင်ထွက်တဲ့အခါ လိုက်နာရမည့်အချက်များ 
ဒီလိုအပြင်ထွက်တဲ့အခါမှာလည်း လိုက်နာရမယ့်အချက်တွေအဖြစ် တတ်နိုင်သမျှ လုံလုံခြုံခြုံဝတ်ဖို့၊ ဆံပင်ကိုစည်းထားပြီး ရွှေ၊ ငွေ တွေ ဝတ်တာ၊ မိတ်ကပ်လူးတာတွေ မပြုလုပ်ဖို့၊ Mask တပ်ဖို့နဲ့ အများသုံး ဘတ်စ်ကားကို တတ်နိုင်ရင် မစီးဖို့၊ တစ်ခုခုကိုင်တော့မယ်ဆိုရင် တစ်ရှူး နဲ့ ဖိကိုင်ဖို့နဲ့ သုံးပြီးသားတစ်ရှူးကို အမှိုက်ပုံးထဲ အသေအချာထည့်ဖို့၊ ချောင်းဆိုး၊ နှာချေခဲ့မယ်ဆိုရင် လက်မောင်းနဲ့ပိတ်ပြီးဆိုးဖို့၊ လူအများသုံးတဲ့ ငွေစက္ကူတွေ၊ စားသောက်ဆိုင်က မီနူးတွေကို တတ်နိုင်သမျှ မကိုင်ကြဖို့၊ တစ်ခုခုကိုကိုင်ပြီးတိုင်း Hand Gel သုံးဖို့၊ လက်မဆေးဘဲ မျက်နှာကို မကိုင်တွယ်ဖို့နဲ့ လူတွေအကြားမှာ လူတွေနဲ့ခပ်ခွာခွာနေဖို့တွေ လိုတယ်လို့ ဖတ်ရပါတယ်။
အပြင်ကပြန်လာရင် ဘယ်လိုအချက်တွေ လိုက်နာမလဲ
အပြင်က ပြန်လာပြီဆိုရင် ဖိနပ်ချွတ်ပြီး လက်ကို ပိုးသတ်ဆေးဖျန်းပါ၊ အဝတ်အားလုံးချွတ်ပြီး အိတ်တစ်လုံးထဲထည့်ပါ၊ ပါလာတဲ့ပစ္စည်း အားလုံးကို ပုံးထဲထည့်ပါ၊ ချက်ချင်းရေချိုးပါ၊ ရေမချိုးဖြစ်ရင် ခြေ၊ လက် များကို အသေအချာဆေးကြောပါ၊ လက်အိတ်စွပ်ပြီးမှ ပုံးထဲကပစ္စည်း တွေကို ပိုးသတ်ဆေးဖျန်းပါ၊ လက်အိတ်ကို သေချာစွာချွတ်ပြီး လက်ကို ပြောင်စင်အောင်ဆေးပါဆိုတဲ့အချက်တွေကို လိုက်နာကြဖို့တိုက်တွန်းထားပါတယ်။ 
နိုင်ငံခြားကပြန်လာသူတွေ ဘယ်လိုပြုကျင့်နေထိုင်ကြမလဲ
ယခုရက်ပိုင်းမှာဆိုရင်လည်း နိုင်ငံခြားကပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ များပြားလာနေပြီး မတ် ၂၄ ရက်နေ့တစ်ရက်တည်းမှာတင်  မဲဆောက်မြို့ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို လူ တစ်သောင်းလောက် ဝင်ရောက်လာခဲ့ကြောင်း သိရတဲ့အတွက်  နိုင်ငံခြားက ပြန်လာသူများအားလုံးအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ကြရမှာ ဖြစ်ပါတယ်၊
ရပ်ကျေးအုပ်ချုပ်ရေးမှူးများကလည်း အဆင့်ဆင့် ဆက်လက်တင်ပြရပါမယ်။ ဒါ့အပြင် ကိုယ့်အိမ်နားမှာ နိုင်ငံခြားကပြန်လာသူရှိနေ တယ်ဆိုရင်လည်း ရပ်ကျေးများထံ သတင်းပို့ကြရပါမယ်။ နိုင်ငံခြားက ပြန်လာသူများအနေနဲ့ ကိုယ့်အိမ်မှာပဲ အခန်းတစ်ခန်းထဲမှာနေပါ။ ဈေးထွက် ဝယ်တာ၊ လျှောက်လည်တာ၊ အိမ်သားတွေနဲ့ ရောနှောနေတာ ၁၄ ရက် တော့ရှောင်ပေးပါ။ အဲဒီ ၁၄ ရက်ဟာ ကျွန်တော်တို့ တစ်နိုင်ငံလုံး ကျန်းမာစေဖို့ အပင်ပန်းခံပေးတယ်လို့ ယူဆရင်း ကုသိုလ်ယူကြပါ။ မိတ်ဆွေတို့ အိမ်မှာနေပေးခြင်းဟာ တစ်နိုင်ငံလုံးအတွက် အန္တရာယ်ကင်းစေပါတယ်။အိမ်မှာနေရင်းက ဖျားနာချောင်းဆိုးလာရင် ကြိတ်မကုပါနဲ့။ နီးစပ်ရာ ကျန်းမာရေးဌာနများကို အကြောင်းကြားပါ။ ကုသမှုစနစ်တကျ ခံယူပါ။ ဆေးရုံမှာ ၁၄ ရက် ရှောင်နေရတာ စိတ်ညစ်တယ်ဆိုတာထက် သင့်မိသားစုတွေနဲ့ တစ်သက်တာ ဝေးကွာသွားမှာက ပိုမလိုလားအပ်တဲ့ အခြေအနေမို့ပါ။  နိုင်ငံခြားကပြန်လာပြီး ဖျားနာ ချောင်းဆိုးနေတဲ့သူကို ဆေးရုံခေါ်လာမယ်ဆိုရင် Light Truck တို့၊ Hijet တို့လို အမိုးပွင့်ကားတွေနဲ့ ခေါ်မလာပါနဲ့။ လမ်းမှာတွေ့သမျှ လူအကုန် ကူးမှာစိုးလို့ပါ။ ဖြစ်နိုင်ရင် Ambulance လို အလုံပိတ်ပြီး ရှေ့ခန်း နောက်ခန်းခွဲထားတဲ့ကားမျိုးနဲ့လာပါ။ခေါ်လာ မယ်ဆိုရင် ကိုယ်သွားမယ့်ဆေးရုံကို ဖုန်းကြိုဆက်ပါ။ ဆေးရုံက ကြိုသိရင် ကြိုပြင်နိုင်အောင်ပါ။ လူတွေပြည့်ကျပ်နေတဲ့ OPD လိုနေရာမျိုးကို မပြောမဆိုနဲ့ရောက်လာရင် အားလုံးကူးကုန်မှာစိုးလို့ပါ။  နိုင်ငံခြားပြန် မှန်သမျှ ဆေးရုံပို့စရာလည်း မလိုပါ။ ကန့်သတ်ထားတဲ့ ၁၆ နိုင်ငံကိုတော့ Quarantine လုပ်ပါလိမ့်မယ်။ တစ်နေ့ တစ်နေ့ လေးငါးထောင် ထောင်ချီ ပြီးဝင်လာနေတဲ့ နိုင်ငံခြားပြန်တွေအားလုံး ဆေးရုံကိုပို့ထားရင် ဆေးရုံက တကယ့်လူနာစစ်စစ်တွေ နေစရာမရှိ ဖြစ်သွားနိုင်ပါတယ်။ ထားစရာလည်း မရှိပါ။Home Quarantine ကို အတိအကျလိုက်နာဖို့ လိုပါတယ်လို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ကြီးတွေက မျှဝေထားတာတွေလည်း ဖတ်ရှုသတိပြု လိုက်နာကြဖို့လိုပါတယ်။
ဘယ်လိုကြိုတင်ကာကွယ်မှု ပြုလုပ်ကြမလဲ
လက်ကို ဆပ်ပြာနဲ့အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောကြဖို့၊ အရက်ပြန်ပါဝင်မှု အနည်းဆုံး ၆၀ ရာခိုင်နှုန်းရှိတဲ့ Hand Sanitizer ကိုသုံးဖို့၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မသန့်ရှင်းတဲ့ လက်နဲ့ထိတွေ့တာတွေ ရှောင်ကြဉ်ဖို့တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေမကောင်းတဲ့သူတွေနဲ့ နီးနီးကပ်ကပ်နေတာကို ရှောင်ကြဉ်ဖို့၊ လူတစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာမှာနေဖို့၊ ဖျားတာ ချောင်းဆိုးတာတွေ ဖြစ်တယ်ဆိုရင် နီးစပ်ရာ ဆေးခန်းမှာပြပြီး ရောဂါပိုးမပြန့်အောင် Mask ကို သုံးဖို့နဲ့ မကြာခဏထိတွေ့အသုံးပြုတဲ့ စားပွဲ၊ တံခါးလက်ကိုင်၊ ဖုန်း၊ အိမ်သာ အစရှိတာတွေကို ပိုးသတ်ဆေး (သို့မဟုတ်) ဆပ်ပြာနဲ့ ဆေးကြောပြီး သန့်ရှင်းစွာသုံးဖို့တွေ လိုတယ်လို့ သိရပါတယ်။
ဒီအတွက် နောက်ဆုံးနိဂုံးချုပ်ရရင် ဒီကိုရိုနာဗိုင်းရပ်ကို မိမိတို့ တစ်ဦးချင်းမှာ ကူးစက်မခံရအောင် နေ့စဉ်သတိထား ပြုကျင့်နေထိုင်ခြင်း ဖြင့် မိမိရော သူတစ်ပါးပါ အကျိုးများစေမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းက လိုက်နာရမယ့်စည်းကမ်းတွေလိုက်နာပြီး နေထိုင်သွားလာကြမယ်ဆိုရင် ဒီရောဂါပိုးဟာလည်း ကူးစက်ခံရဖို့ အခွင့်အရေးနည်းသွားမှာဖြစ်ပြီး  ကူးစက်ခံရသူ အရေအတွက်အားဖြင့်လည်း နည်းပါးကာ ရောဂါဘယဘေးကို ထိန်းချုပ်ရာလည်း ရောက်စေမှာဖြစ်ပါကြောင်း တိုက်တွန်း      ရေးသားလိုက်ရပါတယ်။ 
သန်းဖြိုးနိုင်

Source : The Voice