fbpx

လီဗာပူးအသင်းဟာ ကျနော့်လုံးသားထဲမှာ အမြဲတမ်းရှိနေပါတယ် – စတားလင်း

အသင်းဟောင်း လီဗာပူးအသင်းဟာ သူ့နှလုံးသားထဲမှာ အမြဲရှိနေပါတယ်လို့ မန်စီးတီး တောင်ပံကစားသမား စတားလင်းက ပြောပါတယ်။ 

စတားလင်းဟာ လီဗာပူးအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး တချိန်ချိန်မှာ အသင်းဟောင်းကို ပြန်ပြောင်းချင်တဲ့သဘောလည်း ပြောပါတယ်။

အင်္ဂလန် လက်ရွေးစင်တိုက်စစ်မှူး စတားလင်းဟာ လီဗာပူးအကယ်ဒမီကနေ အသင်းကြီးကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ 

လီဗာပူးအသင်းကြီးမှာ အထူးခြေစွမ်းပြနိုင်ခဲ့တာကြောင့် စတားလင်းကို မန်စီးတီးအသင်း မျက်စိကျခဲ့ပြီး ပြောင်းရွှေ့ကြေး အများအပြားနဲ့ ခေါ်ဆောင်ခဲ့ပါတယ်။ စတားလင်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား နှစ်လုံး၊ အက်ဖ်အေဖလားတလုံးတို့ကို ဆွတ်ခူးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အင်စတာဂရမ်ကနေတဆင့် အမေး အဖြေ ပြုလုပ်ခဲ့ရာမှာ စတားလင်းက “အမှန်အတိုင်း ပြောရရင် ကျနော် လီဗာပူးအသင်းကို ချစ်ပါတယ်။ ဒီလိုပြောလို့ မျက်စိလည်မသွားပါနဲ့။ ဒီအသင်းဟာ ကျနော့်လုံးသားထဲမှာ အမြဲရှိနေတာပါ။လီဗာပူးဟာ ကျနော် တိုးတက်လာဖို့အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တဲ့ အသင်းတသင်းပါ” လို့ ပြောပါတယ်။

စတားလင်းဟာ စာချုပ်၊ လုပ်ခလစာ စတဲ့အကြောင်းအရာတွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် အငြင်းပွားစရာ အနေအထားနဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရတိုင်း အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ လီဗာပူး ပရိသတ်တွေနဲ့ အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

Tags:

Source : DVB