fbpx

အမေရိကန် စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းခုတ်မောင်း

အမေရိကန် စစ်သင်္ဘောတစီးဟာ ထိုင်ဝမ်ရေလက်ကြားကို မတ် ၂၅ ရက်က ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ အမေရိကန်နဲ့ ထိုင်ဝမ်စစ်တပ်တွေက ပြောလိုက်ပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ မြင့်နေချိန်မှာ ထိုင်ဝမ်လေတပ် ဂျက်လေယာဉ်တွေဟာ တရုတ် တိုက်လေယာဉ်တွေကို ကြားဖြတ်ဟန့်တား ပျံသန်းခဲ့တဲ့နောက်မှာ ခုလို ခုတ်မောင်းခဲ့တာဖြစ်ပြီး ပုံမှန် လုပ်ဆောင်ချက် ဖြစ်တာကြောင့် ထိတ်လန့်စရာ ဘာအကြောင်းရင်း မရှိနေဘူးလို့ ဆိုပါတယ်။

ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောဟာ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော USS မက်ကမ့်ဘဲလ် ဖြစ်ပြီး နိုင်ငံတကာ ဥပဒေနဲ့ အညီ ထိုင်ဝမ် ရေလက်ကြားကို မတ်လ ၂၅ ရက်က ဖြတ်သန်းခဲ့တာလို့ အမေရိကန်ရေတပ် တပ်မဟာ ၇ ပြောခွင့်ရ အန်ထော်နီ ဂျန်ကိုက ပြောပါတယ်။

“လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသဖြစ်စေရေး အမေရိကန်ရဲ့ ကတိကို သရုပ်ပြတာဖြစ်တယ်။ အမေရိကန် ရေတပ်ဟာ နိုင်ငံတကာ ဥပဒေက ခွင့်ပြုသလောက် ဘယ်နေရာမှာမဆို ဆက်ပြီး ပျံသန်းရွက်လွှင့် စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်” လို့ သူက ဆက်ပြောပါတယ်။

ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ အထိခိုက် မခံနိုင်ဆုံး နယ်မြေနဲ့ သံတမန်ရေး ကိစ္စပါ။ တရုတ်ဟာ ထိုင်ဝမ်ကို သူ့ထိန်းချုပ်မှုအောက်ကို ပြန်သွင်းဖို့ စစ်ရေး အင်အားကိုတော့ မသုံးခဲ့သေးပါဘူး။

 ထိုင်ဝမ်နဲ့ တရုတ် ပြည်မကြီးကို ပိုင်းခြားထားတဲ့ ထိုင်ဝမ်ရေလက်ကြားဟာ တင်းမာမှု ရင်းမြစ် မကြာခဏ ဖြစ်နေတာလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း ထိုင်ဝမ်နားမှာ တရုတ်ပြည်မကြီး လေတပ်က စစ်ရေးလေ့ကျင့်မှု တော်တော် များများလုပ်ခဲ့လို့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ထိုင်ဝမ်စစ်တပ်က တိုက်လေယာဉ်တွေက တရုတ်လေယာဉ်တွေကို ကြားဖြတ် ပျံသန်း သတိပေးခဲ့ပါတယ်။

တရုတ်ရဲ့ လေ့ကျင့်မှုတွေဟာ ကျူးကျော်ရန်စမှုလို့ ထိုင်ဝမ်က ပြောပြီး ထိုင်ဝမ်ကို ရန်စမယ့်အစား ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးကို ပိုအာရုံစိုက်ဖို့ တရုတ်ကို ထိုင်ဝမ်က ဆော်သြခဲ့ပါတယ်။

Tags:

Source : DVB