fbpx

အေအေအဖွဲ့နှင့် ဆက်သွယ်သတင်းရေးသည့် သတင်းဌာန ၃ ခုက တာဝန်ရှိသူများကို အရေးယူ 

ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်သတင်းရေးသားတဲ့ သတင်းမီဒီယာသမားတွေကို မတ်လ ၃၀ ရက်ကစတင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ကျနိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ တွေနဲ့ အမှုဖွင့် အရေးယူနေပါတယ်။ 

 မန္တလေးအခြေစိုက် Voice Of Myanmar သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို မတ်လ ၃၀  ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နောက်တနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က)တို့နဲ့ အမှုဖွင့်ကာ  ရုံးထုတ်ရမန်ယူခဲ့ပါတယ်။ 

အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ် စစ်တွေအခြေအစိုက် နိရဉ္ဇရာသတင်းဌာန  အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ  အမှုဖွင့်ထားပြီး သတင်းဌာနကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သလို သတင်းထောက်တွေကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ 

ဒါ့အပြင် ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာအယ်ဒီတာချုပ် ဦးသာလွန်စောင်းထက်နေထိုင်တဲ့ နေအိမ်ကိုလည်း မတ်လ ၃၁ ရက်ညက  အရပ်ဝတ် စီအိုင်ဒီ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး လာရောက်မေးမြန်းခဲ့တယ်လို့ မြန်မာနိုငငံ သတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်ထား ပါတယ်။

Source : DVB