fbpx

ချိုင်းနက်ဟွန်ဘေးအသင်းနှင့် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့် စာချုပ်ဖျက်သိမ်း

ရန်ကုန်၊ မေ ၁၆
၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းမှ အဓိက ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်သည် ထိုင်းလိဂ်-၂  ကလပ် ချိုင်းနက်ဟွန်ဘေးအသင်းနှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ 
မြန်မာလူငယ်ကစားသမား မြတ်ကောင်းခန့်သည် ၂၀၂၀ ဘောလုံးရာသီအစတွင် ရတနာပုံအသင်းမှ ထိုင်းလိဂ်-၂  ကလပ် ချိုင်းနက်ဟွန်ဘေးအသင်းသို့ တစ်ရာသီစာချုပ်ဖြင့် သွားရောက်ကစားနေခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းလိဂ်-၂ ပွဲစဉ်များ ရပ်နားထားချိန်တွင် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ 
မြတ်ကောင်းခန့်သည် ယခုနှစ် ဘောလုံးရာသီတွင် ချိုင်းနက်ဟွန်ဘေးအသင်းတွင် ကစားနေသောလည်း ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ကစားသမားလည်းဖြစ်သည်။ 
ချိုင်နက်ဟွန်ဘေးအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့်အတွက် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်သည် နစ်နာကြေး ၃ လစာ ရရှိခဲ့ပြီး အခြားထိုင်းလိဂ်ကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားရန်စီစဉ်နေပြီး အဆင်မပြေပါကမြန်မာနေရှင်နယ်လိဂ်တွင် ပြန်လည်ကစားရန် စီစဉ်ထားကြောင်း မြတ်ကောင်းခန့်က ပြောကြားခဲ့သည်။
“ချိုင်းနက်ဟွန်ဘေးအသင်းနဲ့ တရားဝင်လမ်းခွဲလိုက်ပါပြီ။ အခြားထိုင်း လိဂ်ကလပ်အသင်းတစ်သင်းမှာ ကန်ဖို့ စီစဉ်နေပါတယ်” ဟု မြတ်ကောင်းခန့်က ပြောကြားခဲ့သည်။ 
မြတ်ကောင်းခန့်ကစားခဲ့သည့် ချိုင်းနက်ဟွန်ဘေးအသင်းသည် ပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် ရမှတ် ၅ မှတ် ဖြင့် အမှတ်ပေးဇယားအဆင့် ၁၀ နေရာတွင် ရပ်တည်နေသော အသင်းဖြစ်သည်။
ဇော်သုတ

Source : The Voice