fbpx

မန်စီးတီးနှင့် ရီးရဲလ်တို့ရင်ဆိုင်ရမည့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်ကို သြဂုတ် ၇ ရက် အရောက်မှသာ ယှဉ်ပြိုင်ဖွယ်ရှိ

မန်ချက်စတာ၊ မေ ၁၆
အီတီဟတ်တွင်ကစားရမည့် မန်စီးတီးနှင့် ရီးရဲလ်တို့၏ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို သြဂုတ် ၇ ရက်အရောက်မှသာ ကစားလိမ့်မည်ဟု Dailymail ကဖော်ပြခဲ့သည်။ 
ထို့ကြောင့် ရီးရဲလ်အသင်းမှာ အဆိုပါပွဲစဉ်အတွက် လေ့ကျင့်ချိန် ၃ လနီးပါးရရှိမည်ဖြစ်ပြီး ယခုရာသီလာလီဂါလက်ကျန် ၁၁ ပွဲစလုံးကို အဆုံးသတ်ပြီးမှသာချန်ပီယံလိဂ်ပွဲစဉ် ပြန်ကစားရမည်ဖြစ်သည်။ 
ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၆ တွင် မက်ဒရစ်မြေ၌ကစားခဲ့ပြီး ဧည့်သည်မန်စီးတီးအသင်းက ချန်ပီယံလိဂ်  ၁၃ ကြိမ်ပိုင်ဆိုင်ထားသည့်ကြယ်စင်စု အသင်းကို ၂-၁ ဖြင့် အနိုင်ရထားသည်။ 
သို့ရာတွင် နည်းပြဇီဒန်းသည် ရီးရဲလ်ကို တာဝန်ယူစဉ်ကာလအတွင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်၌ နှုတ်ဆက်ထွက်ခွာ ခဲ့ဖူးခြင်းမရှိသောကြောင့် ပထမအကျော့အပြီး ၆ လအကြာနီးပါးမှာ ပြန်ကစားမည့် အီတီဟတ်ကပွဲစဉ်မှာ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေသည်။ 
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်သည့်အခြေအနေတွင် မရှိတော့သောကြောင့် ချန်ပီယံလိဂ်တွင် အားစိုက်ဖွယ်ရှိနေသလို ဥရောပဝင်ခွင့်ပိတ်ပင်ခံရဖွယ်ရှိသည့်အနေအထားကြောင့် ယခုရာသီတွင် ချန်ပီယံဆုကိုပိုင်ဆိုင်ခွင့်ရရန် ကြိုးစားဖွယ်ရှိနေသည်။ 
ယူအီးအက်ဖ်အေ၏ အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးပွဲအပြီးတွင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့်ပတ်သက်သည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို မေလ ၂၇ ရက်နေ့တွင် ချမှတ်သွားရန်ရှိနေသည်။ 
အဆိုပါဆုံးဖြတ်ချက်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့လက်ကျန်ပွဲစဉ်များဖြစ်သည့် ဘာစီလိုနာ- နာပိုလီ၊ ဘိုင်ယန်မြူးနစ်-ချဲလ်ဆီး၊ ဂျူဗင်တပ်-လိုင်ယွန်ပွဲစဉ်များပြန်လည်ကစားမည့်ရက်စွဲကိုပါ ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိနေသည်။
ငြိမ်းပြည့်

Source : The Voice