fbpx

နေရှင်နယ်လိဂ် ကလပ်အသင်းများ လေ့ကျင့်မှုများကို ယခုလအကုန်မှသာ ပြုလုပ်ရဖွယ်ရှိ

ရန်ကုန်၊ မေ ၁၆
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲဝင် ကလပ်အသင်းများသည် လက်ကျန်ပွဲစဉ်များအတွက် လေ့ကျင့်မှုအစီစဉ်များကို ယခု မေလကုန်မှသာ ပြန်လည်စတင်ရဖွယ်ရှိနေသည်။ 
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို လက်ရှိတွင် ရက်အကန့်သက်မရှိ ရွှေ့ဆိုင်းထားပြီး ပြန်လည်ကျင်းပရန် အတွက် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ စီစဉ်မှုများပြုလုပ်နေသည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီအနေနှင့်ပြိုင်ပွဲ ပြန်လည်ကျင်းပခဲ့ပါက ကလပ်အသင်းများသို့ ပြင်ဆင်ချိန်ရရန်  ၃ ပတ် ကြိုတင်အကြောင်းကြားပေးမည် ဖြစ်သည်။ 
လေ့ကျင့်မှုများနှင့်ပတ်သက်၍ ဆောက်သမ်းမြန်မာအသင်းမှ တာဝန်ရှိသူတစ်ဦးက “လေ့ကျင့်မှုတွေကို မေလအကုန်  ဇွန်လအလယ်လောက်မှ စတင်ရဖွယ်ရှိနေပါတယ်။ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး လေ့ကျင့်မှုတွေ  ပြန်လည်ပြုလုပ်နိုင်အောင် စီစဉ်နေပါတယ်။ လိဂ်ကော်မတီက လေ့ကျင့်မှုတွေ စလုပ်လို့ရပြီးဆိုတာနဲ့ အမြန်ဆုံးလေ့ကျင့်နိုင်အောင် စီစဉ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။ 
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲမှ ပွဲစဉ်(၁၀)အပြီးတွင်  ကိုရိုနာဗိုင်းရပ်စ်ရပ်နားထားခြင်းဖြစ်ပြီး ဟံသာဝတီအသင်းမှ ရမှတ် ၂၇ မှတ်ဖြင့်ထိပ်ဆုံးတွင် ဦးဆောင်နေသည်။
ဇော်သုတ

Source : The Voice