fbpx

ချောက်မြို့အခြေစိုက်ယာဉ်လိုင်းများ တိုင်းအတွင်းရှိမြို့များသို့ စတင်ပြေးဆွဲ

ချောက်၊ မေ ၁၆
မကွေးတိုင်းအစိုးရအဖွဲ့က မေလ ၁၆ ရက်နေ့မှစတင်ပြီး တိုင်းအတွင်းရှိမြို့များသို့ ယာဉ်လိုင်းများပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယာဉ် ၂၀ စီးကျော် စတင်ပြေးဆွဲနေကြောင်း ချောက်မြို့ယာဉ်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှအောင်ရွှေက ပြောကြားသည်။
“ယာဉ်အစီးရေကတော့ အရင်ထက်နည်းတယ်။ ခရီးသည်တင် ဘတ်စ်ကားတွေက နှစ်ခုံတွဲကို တစ်ယောက်ပဲပေါ့။ ဒိုင်နာတွေကတော့ ယခင်ယာဉ်စီးခနှုန်းအတိုင်း ဒိုင်နာယာဉ်တွေကတော့ ဈေးမတက်ဘူး။ ခရီးသည်သိပ်တော့မရှိပါဘူး။ မြို့တွင်းလိုင်းရွှေခြင်္သေ့ကလည်း ပြန်ဆွဲပေးတယ်” ဟု ၎င်းကရှင်းပြသည်။
ချောက်မြို့မှမကွေးမြို့သို့ ပြေးဆွဲနေသော မြမြင့်မိုရ်ယာဉ်လိုင်းမှ ၂ စီး၊ ရွှေမိတ်သစ်ယာဉ်လိုင်းမှ ၃ စီး၊ ဧဒင်ဥယျာဉ်လိုင်းမှ ၁၀ စီးနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ ကံဇွန်းမ အစရှိသောမြို့များသို့ ပြေးဆွဲနေသော ရွှေနံ့သာယာဉ်လိုင်း၊ ရတနာမွန်ယာဉ်လိုင်း၊ ဖြိုးရာဇာယာဉ်လိုင်းတို့က မော်တော်ယာဉ် ၇ စီးတို့ဖြင့် စတင်ပြေးဆွဲလျက်ရှိသည်ဟု ယင်းမြို့ယာဉ်ကြီးကြပ်ရေးကော်မတီထံမှ သိရ သည်။
“စီးမယ့်ခရီးသည်များကလည်း မဖြစ်မနေ Mask တပ်ရပါမယ်။ ဂိတ်တာဝန်ခံတွေကလည်း ခရီးသည်က Mask ပါလာသည်ရှိစေ၊ မပါသည်ရှိစေ  ဂိတ်ကပေးဝေရမှာဖြစ်ပါတယ်။ ကားတိုင်းမှာ ခရီးသည်ကားပေါ်တက်တိုင်း ဟန်းဂျယ်ဖျန်းပေးရပါ့မယ်။ စွန့်ပစ်ဖို့အဖုံး ပါတဲ့အမှိုက်ပုံးဆောင်ထားရပါ့မယ်” ဟု မကွေးတိုင်းပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်း ကြီးကြပ်ရေးဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
မော်တော်ယာဉ်လိုင်းများကို တိုင်းအတွင်း ပြေးဆွဲခွင့်ပြုထားသော်လည်း တိုင်းကျော်ပြေးဆွဲခွင့်ကို ခွင့်မပြုထားကြောင်းနှင့် အဓိက မှတ်ချက်အနေနှင့် ရန်ကုန်၊ မန္တလေး အစရှိသောမြို့များသို့သွားရောက်ပြီး မဖြစ်မနေလုပ်ငန်းခွင်ဝင်ရမည့် စက်ရုံ၊ အလုပ်ရုံတို့မှ ဝန်ထမ်းများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ယာဉ်ကြီးကြပ်ရေးတို့က စာရင်းများ ကောက်ယူလျက်ရှိကြောင်း၊ ယာဉ်စီးခ နှစ်ဆနှုန်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ယင်းမော်တော်ယာဉ်များအနေနှင့် တိုင်းကျော်မှ အပြန်တွင် ခရီးသည်တင်ဆောင်ခွင့်မရှိကြောင်း မကွေးတိုင်းလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနအတွင်းရေးမှူး ဦးသိန်းဟန်က ပြောဆိုသည်။
မကွေးတိုင်းအတွင်းပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းပေါင်း ၃၈ လိုင်းရှိပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက ပထမအကြိမ်သတိပေးခြင်းနှင့် နောက်တစ်ကြိမ်တွင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအစိုးရက အသိပေးထားသည်။         
R-11

Source : The Voice