fbpx

အင်တာမီလန်သို့ပြောင်းရွှေ့ရန် မာတန်းစ် သဘောတူညီချက်အချို့ရယူထားနိုင်ခဲ့ပြီဟုဆို

မီလန်၊ မေ ၁၆
နာပိုလီတိုက်စစ်မှူးမာတန်းစ်သည် စီးရီးအေပြိုင်ဘက်အင်တာမီလန်အသင်း သို့ပြောင်းရွှေ့ရန် သဘောတူညီချက်အချို့ ရယူထားနိုင်ပြီဟု Football Italia ကဖော်ပြခဲ့သည်။ 
အင်တာမီလန်အသင်းသည် ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်ကို ဘိုင်ယန်သို့ရောင်းချပြီး မာတန်းစ်နှင့်အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ဘိုင်ယန်ဘက်မှ ပါရီဆစ်ကို ယူရိုသန်း ၂၀ ဖြင့်ဝယ်ယူရမည့်ပထမဆုံးသတ်မှတ်ရက်၌ အပြီးသတ်မလုပ်နိုင်ခြင်းကြောင့် အခက်တွေ့နေရသည်။ 
မာတန်းစ်ကို အင်တာမီလန်နှင့်အပြိုင် ချဲလ်ဆီးကစိတ်ဝင်စားခဲ့သော်လည်း မီလန်အခြေစိုက်ကလပ်ဘက်မှ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်အချို့ကို လက်ဦးမှုရယူထားခြင်းဖြစ်သည်။ 
အင်တာမီလန်အသင်းအနေနှင့် ဘယ်လ်ဂျီယံတောင်ပံကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူမည်ဖြစ်ပြီး လက်မှတ်ထိုးခြင်းအတွက် အပိုဆုကြေး ယူရို ၄ သန်းအပါအဝင် တစ်နှစ်လုပ်ခ ယူရို ၅ သန်းဖြင့် ၂ နှစ် စာချုပ်ချုပ်ဆိုရန် သဘောတူထားခြင်းဖြစ်သည်။ 
မာတန်းစ်ကိုအပြီးသတ်ခေါ်ယူပြီးပါက ဘာစီလိုနာအသင်းပစ်မှတ် လော်တာရိုမာတီနက်ဇ်ကို ထွက်ခွာခွင့်ပေးဖွယ်ရှိနေသည်။ 
အင်တာမီလန်အသင်းသည် တိုက်စစ်အစုအဖွဲ့ထဲမှ မာတီနက်ဇ်နှင့် ပါရီဆစ်တို့ကို ဆုံးရှုံးရန်ရှိနေချိန်တွင် လူကာကူနှင့် အကောင်းဆုံးတွဲဖက်နိုင်မည့်ကစားသမားတစ်ဦးကို ရှာဖွေခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဘယ်လ်ဂျီယံကစားဖော် မာတန်းစ်မှာ လာမည့်ရာသီတွင် အင်တာမီလန်သို့ရောက်လာရန် အနီးစပ်ဆုံး အခြေအနေရှိနေပြီဖြစ်သည်။
ငြိမ်းပြည့်

Source : The Voice