fbpx

ကိုဗစ်-၁၉ ကို အန်တုသူများ

ဪ . . . ဒါနဲ့စကားမစပ်။
ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်း တွေကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နေတာဆိုတော့ နားရည်ဝပါပြီ။ 
တစ်ခုခုကို ကိုင်ပြီးတိုင်း၊ အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာ သို့မဟုတ် အရက်ပြန်ပါတဲ့ ဟန်းဂျယ်နဲ့ မကြာခဏ ဆေးကြောပါ။ အိမ်ထဲမှာပဲ နေပါ။ အပြင်မထွက်ပါနဲ့။ မဖြစ်မနေ အပြင်ကိုထွက်လျှင် နှာခေါင်းစည်း တပ်ပါ။ လက်အိတ်စွပ်ပါ။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာ ကနေ ပြောဆိုဆက်ဆံပါ။ အပြင်က ပြန်လာပြီးတိုင်း လက်ဆေးပါ သို့မဟုတ် ရေချိုးပါ။ ဆားရည်နဲ့ မကြာခဏ အာလုတ်ကျင်းပါ စတဲ့ ညွှန်ကြားချက် တွေပေါ့။ အဲဒီအချက်တွေကို မဖြစ်မနေ လိုက်နာလာတာက နှစ်လလောက် ကြာလာပြီဆိုတော့ ကျုပ်တို့အဖို့တော့ ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေ ပါပြီ။ 
အရင်ကဆို ကျုပ်က မနက် ၅နာရီမှာ အိပ်ရာက ထနေကျ။ မနက် ၇ နာရီမီအောင် ကျောင်းကိုအရောက်သွားရတာ ဆိုတော့ အချိန်လုရတာ ကသောကမျောနဲ့ပေါ့။ ခုနေခါမှာတော့ ဘယ်ကိုမှ သွားစရာမလိုဘဲ Home Stay နေရတာဆိုတော့ မနက်ကို ၆ နာရီလောက်ရောက်မှ အိပ်ရာက ထဖြစ်တယ်။ နွေကာလဆိုတော့ မျက်စိနှစ်လုံးပွင့်တာနဲ့ နေက အတော့်ကို မြင့်နေပြီ။ 
ကိုယ်ကသာ သွားစရာမရှိလို့ အိပ်ရာထနောက်ကျပေမယ့် စားစရာ မရှိလို့ သွားစရာရှိတဲ့ လမ်းပျော်ကလေးတွေက ဥဒဟိုသွားလာနေကြပြီ။ သူတို့အသံလေးတွေက အိမ်ရှေ့မျက်နှာစာ ကွန်ကရစ်လမ်းမပေါ်ကနေ သောသောညံညံနဲ့ ဝေဝေစီစီ ထွက်လာတယ်။ 
“စပါးတွဲလေးတွေ ရမယ်။ နောက်ချေး(နွားချေး)ထုပ်တွေရမယ်”
ကြည့်လိုက်တော့ ဆယ်ကျော်သက်အရွယ် ယောကျာ်းလေး နှစ်ယောက်။ မျက်နှာပေါ်မှာ နှာခေါင်းစည်း (Mask) က ဘယ်မှာပါလို့တုံး။ ဝတ်ထားတဲ့ အင်္ကျီက အရောင်အဆင်းမပေါ်တော့ဘဲ ကြေးက ထူလဗျစ်။ ဦးထုပ်မပါ ခြေဗလာနဲ့။ ဝါးလုံးတိုလေးကို ထမ်းပိုးလုပ်ကာ စပါးတွဲလေးတွေ၊ နွားချေး ထုပ်လေးတွေကို အစွန်းနှစ်ဖက်မှာ ချိတ်ထားတာကို တွေ့ရတယ်။ 
တစ်ယောက်နဲ့တစ်ယောက်က ပူးပူးကပ်ကပ်။ ခြောက်ပေမပြောနဲ့ သုံးပေတောင် မကွာ။ ခပ်ခွာခွာ နေရမှန်းမသိ။ ဒီလိုကလေးတွေကို ကိုဗစ်-၁၉ ညွှန်ကြားချက်နဲ့ ကိုက်ညီမှု မရှိလို့ဆိုပြီး တားမြစ်မယ့်သူ၊ ပညာပေးမယ့် သူကလည်း မရှိ။ လမ်းဘေးနေမိသားစုဖြစ်နေရင်တောင် အိမ်ထောင်စု စာရင်းမရှိလို့ နိုင်ငံတော်က အခမဲ့ဝေငှတဲ့ရိက္ခာ ရပါ့မလားမသိ။ ကိုင်း … ဘယ့်နှယ်လုပ်ကြမတုံး။
သူတို့ကိုကြည့်ပြီး စိတ်မကောင်းတာနဲ့ သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ် လိုက်တယ်။ အိမ်ထဲပြန်ဝင်လာပြီး ဖျဉ်ပက်လက်ကုလားထိုင်ပေါ်ကို စိတ် ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်တယ်။
ဘာကြာလို့လဲ။ “တုံ တုံ” ဆိုတဲ့ ဗုံထောက်သံနဲ့အတူ တေးသီချင်း စာသားတွေက လမ်းပေါ်ကနေ ကျုပ်နေတဲ့ ငါးလွှာအထပ်ဆီကို လွင့်ပျံ တက်လာတယ်။ 
“အမုန်းစကား မဆိုကြရင်သာ တကယ်။ နှလုံးသားကို အလှဆင်ပါကွယ်”
လားလား … တစ်ဖက်ပိတ် ဝါးဆစ်တိုနှစ်ချောင်းကို ကွန်ကရစ်လမ်းမ ပေါ် ဆောင့်ကာဆောင့်ကာ စည်းချက်ညီညီနဲ့ သီချင်းဆိုနေတဲ့ လမ်းဘေး က တီးဝိုင်းအဖွဲ့။
သူတို့အဖွဲ့က လူတောင့်တယ်။ အသက်သုံးဆယ်ကျော် မိန်းမရွယ် တစ်ဦး၊ မူလတန်းအရွယ် ကလေးနှစ်ယောက်နဲ့ နို့စို့အရွယ် ကလေးငယ် တစ်ယောက်။ အမျိုးသမီးက မည်းညစ်ညစ် ပုဆိုးတစ်ထည်ကို ခေါင်းမှာ ပေါင်းထားတယ်။ ဝတ်ထားတဲ့ ရင်ဖုံးအင်္ကျီက အရှက်လုံရုံ။ ဝတ်ထားတဲ့ ထဘီက အဆင်အသွေး မပေါ်တော့ဘဲ ဖုန်အလိမ်းလိမ်း ကပ်နေလေရဲ့။ ရင်ခွင် ထဲမှာ နို့ဆွဲနေတဲ့ကလေးက တိုးလိုးတန်းလန်း။ ကျန်ကလေးနှစ်ယောက် က မပီကလာ၊ ပီကလာနဲ့ ဘာသီချင်းဆိုနေတာမှန်း မသိရ။ 
သူတို့လေးယောက်စလုံး တစ်ယောက်မှ နှာခေါင်းစည်းမပါ။ ဖိနပ်မပါ။ မြေကြီးပေါ်မှာ ထိုင်နေလိုက်ကြတာများ ဒွေးရောယှက်တင် တစ်လုံး တစ်ထွေးကြီး။ ကိုဗစ်-၁၉ ကူးမယ်ဆိုရင် သာသာလေး ကူးချင်စရာ။ သူတို့ အဖွဲ့က ဘယ်နေရာမှာ Stay at Home လုပ်နေကြပါသလဲလို့ သံယောဇဉ် အမျှင်တန်းပြီး တွေးမိလိုက်သေးတယ်။
သူတို့ပြီးတော့ နောက်တစ်မျိုး မရိုးရပြန်ပေါ့။ ဒီတစ်ခါတော့ ပလုံ ကောက်တဲ့အဖွဲ့။ မောင်နှမနှစ်ယောက် ဖြစ်ဟန်တူပါရဲ့။ ဆယ်ကျော်သက် အလယ်တန်းကျောင်းသား၊ ကျောင်းသူအရွယ်လေးတွေ။ ကျောင်းပိတ်ထားလို့ ဝင်ငွေရအောင်လုပ်တာတော့ မဟုတ်တန်ရာ။ ကျောင်းမနေနိုင်ဘဲ တကယ့်ကို လမ်းဘေးမှာနေတဲ့အဖွဲ့ပဲ ဖြစ်ရမယ်။ 
အဝတ်အစားကလည်း မည်ကာမတ္တ။ စုတ်ပြတ်သပ်လို့။ အဖြူ ရောင်ပျောက်နေတဲ့ြွမေအရေခွံအိတ်အကြီးကြီးက နှစ်လုံး။ တစ်ယောက် တစ်လုံးစီကို ပခုံးပေါ်မှာတင်ထားတယ်။ လမ်းဘေးက လိမ္မော်ရောင် စည်ပင် အမှိုက်ပုံးထဲကို လက်နှစ်ဖက်နဲ့ ထိုးဆွပြီး သူတို့လိုချင်တာကို မွှေနှောက် ရှာနေကြတယ်။ လက်အိတ်လည်း မပါ။ နှာခေါင်စည်းလည်းမပါ။ သူတိုလို့ ကလေးတွေကို ကိုဗစ်မကူးစက်စေဖို့ ဘယ်လိုစည်းကမ်းချက်တွေနဲ့ တားမြစ် ကြမှာလဲ။
အထက်မှာဖော်ပြထားသလို လမ်းတကာလှည့်ပြီး ကြုံရာကျပန်း ရှာဖွေစားသောက်နေရတဲ့ ကလေးတွေ၊ မိသားစုတွေကို ကျုပ်တို့နိုင်ငံမှာ လမ်းပျော်မိသားစုတွေလို့ ကင်ပွန်းတပ်ကြတယ်။ တကယ်တော့ သူတို့ခမျာ လမ်းပေါ်မှာ ပျော်လို့နေကြတာမှ မဟုတ်တာ။ နေစရာမရှိလို့ စားစရာ မရှိလို့ ဒီလိုဘဝမျိုး ရောက်နေကြရတာ။ လက်ဆေးဖို့ နေနေသာသာ သောက်ရေတောင် တောင်းပြီး သောက်နေရတဲ့ ဘဝတွေ။ သူတို့အနေနဲ့ ကိုဗစ်ယဉ်ကျေးမှုကို သိရောသိပါ့မလား။ သိတော့ရော လိုက်နာနိုင်ပါ့မလား။ 
သူတို့လို လမ်းဘေးနေ အခြေအနေမဲ့ လူတန်းစားတွေက ရန်ကုန်မှာ ဒုနဲ့ဒေး။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလမှာ သူတို့ကို ဘယ်လိုအစီအမံတွေနဲ့ စားဝတ်နေရေးဒုက္ခတွေကို ဖြေရှင်းပေးကြမှာလဲ။ ကိုဗစ်ရောဂါ ကာကွယ်ရေး လုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုဆောင်ရွက်ပေးမှာလဲလို့ မေးစရာတွေက အများသားလား။ 
အခုချိန်ထိ ကိုရိုနာရောဂါ သံသယရှိ လူနာစာရင်းနဲ့ ဖြစ်ပွားသူ လူနာ စာရင်းထဲမှာ လမ်းဘေးနေအခြေအနေမဲ့ လူတန်းစား တစ်ဦးတစ်ယောက်မျှ မပါသေးတာကို သတိထားမိတယ်။ ဒါပေမဲ့ မပါသေးတာလား၊ ပါနေတာကို မသိတာလားလို့တော့ တပ်အပ်မပြောနိုင်တန် ကောင်းရဲ့။ မတော်လို့ သူတို့လို လမ်းဘေးနေ လူတန်းစားတွေဆီကနေ ကိုဗစ်-၁၉ ပြန့်ပွားကူးစက် ပြီဆိုကြပါစို့။ ဘယ်နေရာမှာ ကွာရန်တင်း (Quarantine) ထားပြီး ဘယ်လို ထိန်းချုပ်ကြမှာလဲ။ တွေးကြည့်လျှင် ရင်လေးစရာပါပဲ။ 
ကိုယ်တွေက ပုဂ္ဂလိက လခစားဝန်ထမ်းဖြစ်နေတော့ ကိုဗစ်ရောဂါ က ရေရှည်ကာလဖြစ်လာခဲ့ရင် တောင့်ခံနိုင်ပါ့မလားလို့ သောကမီးတောက် တွေကို မျိုထားသလို ခံစားမိတယ်။ လမ်းဘေးနေ သူတို့ကတော့ နေစရာ မရှိလည်း မပူ၊ စားစရာမရှိလည်း မကြောင့်ကြ။ ကိုဗစ်ကူးမှာကိုလည်း မစိုးရိမ်။ အပေါ်ယံသဘောနဲ့ တွေးကြည့်ရင် အပူအပင်ကင်းမဲ့နေတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူတို့ဘဝက ကူကယ်ရာမဲ့အဖြစ်မျိုးပါ။ 
အခုနေခါမှာတော့ ကိုဗစ်ကပ်ရောဂါ စစ်မြေပြင်မှာ တစ်ကမ္ဘာလုံးက ကျန်းမာရေးဝန်ထမ်းတွေရော အရပ်သားတွေရော တဗုန်းဗုန်း၊ တရုန်ုးရုန်းနဲ့ ကျဆုံးနေကြတယ်။ ဒါပေမဲ့ ကျုပ်တို့နိုင်ငံက လမ်းဘေးနေ စပါးတွဲရောင်းသူ၊ သီချင်းဆိုပြီး တောင်းရမ်းစားသောက်သူ၊ ပလုံကောက်သူတွေကတော့ ကိုဗစ်ကို ကြောက်ရမှန်း ရွံ့ရမှန်းလည်းမသိ။ ကိုယ့်ဝမ်းစာ ပြေလည်ရေးကိုသာ နောက်မတွန့်ဘဲ လုပ်နေတာကို တွေ့နေရတယ်။
ဒါကြောင့် … သူတို့လို လမ်းပျော်ကလေးတွေကို ကိုဗစ်-၁၉ ကို အန်တုသူများရယ်လို့ တင်စားလိုက်ချင်ကြောင်းပါ ဟရို့။ 
 
ကိုသောင်း(ပညာရေး)

Source : The Voice