fbpx

ပြင်ကြဆင်ကြ လုပ်ငန်းခွင်တွေရဲ့ ကပ်ဆိုးကာလ

လတ်တလော အခြေအနေတွေဟာ ဘယ်သူကမှ သဘောတူ ကျေနပ်လို့ ကြုံနေရတာ မဟုတ်မှန်းတော့ အားလုံး လက်ခံကြမှာပါ။ ကပ်ရောဂါဟာ ကျန်းမာရေးအပြင် အခြားသောလူမှုရေး၊ စီးပွားရေးတွေကိုပါ ဆွဲချသွားမယ်ဆိုတာလည်း ကြိုတင်နားလည်ထား ကြမှာပါ။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးက အရေးကြီးမှန်းသိပေမယ့် သေရေး ထက် နေရေးခက်ကြပြန်တာကလည်း သဘာဝပေပဲလေ။ ကိုယ်တိုင် အတွက် ကိုယ့်မိသားစုအတွက် အချိန် နဲ့အမျှ လိုအပ်ချက်တွေရှိနေပြန်တော့ ဒီအခြေအနေကို ဘယ်လောက်ကြာကြာ ရပ်တည်တောင့်ခံနိုင်မလဲဆိုတာက အားလုံးကိုယ်စီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ပါ။ ဒီတော့ လုပ်နေကျ အလုပ်တွေပြန်စပြီး ပုံမှန်ဝင်ငွေရှိဖို့ဆိုတာ အရေးကြီးပြန်ရောပေါ့။
ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ ဒီကာလဆိုးကြီးကို အန်တုပြီး ပြန်လည် ခေါင်းမော့နိုင်ဖို့ ကြိုးစားနေကြတဲ့ လုပ်ငန်းခွင်တွေအတွက်လည်း အားကစား နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ပတ် နိုင်ရေးကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးအကဲဖြတ်ပေးနေ ပါတယ်။ ယင်းအဖွဲ့မှာ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ဆရာဝန်များ၊ သူနာပြုများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆိုင်ရာ ဦးစီး၊ ဒုတိယဦးစီးအရာရှိများ ပူးပေါင်းပါဝင် ဖွဲ့စည်းထားကြပါတယ်။ အားလုံးလုပ်ငန်းခွင်ကို အတတ်နိုင်ဆုံး ဘေးကင်းစိတ်ရှင်းစွာ ဝင်နိုင်အောင် ယင်းပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးပြီး ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်တဲ့လုပ်ငန်းခွင်တွေ၊ ပြုပြင်ဖို့ လိုအပ်တာတွေပြုပြင်ပြီးရင် ဖွင့်ဖို့သင့်တော်တဲ့လုပ်ငန်းတွေ၊ ဖွင့်ဖို့အဆင် မပြေတဲ့လုပ်ငန်းခွင်တွေဆိုပြီး ခွဲခြားကာ လုပ်ငန်းတွေအမြန်ဆုံး အသက်ဝင် လာအောင် ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကနေစလို့ အခုထပ်တိုး မေ ၁၅ ရက်အထိ စစ်ဆေးခွင့်ပြုနေဆဲပါ။ ဘာတွေပြင်ဆင်အစစ်ဆေးခံရမလဲ၊ ဘယ်အချက် တွေကိုက်ညီရင် လုပ်ငန်းခွင်ဘေးကင်းမလဲ ဆိုတာအတွက် အစစ်ဆေးခံ ပြီး ပြန်လည်ပတ်ခွင့်ရတဲ့လုပ်ငန်းခွင်တွေက ပြင်ဆင်ဆောင်ရွက်ထားမှု တွေကို မျှဝေလိုက်ပါတယ်။
“နေအိမ်မှ အလုပ်လုပ်ခွင့်ပေးထားတဲ့ဝန်ထမ်းရှိ၊ မရှိ မှတ်တမ်းထား ရပါ့မယ်။ တချို့လုပ်ငန်းသဘောအရ ရုံးရဲ့ပြင်ပကနေ အလုပ်လုပ်ဖို့ဖြစ်နိုင် ပေမယ့် တချို့အတွက် မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်သလောက်ကိုတော့ နေအိမ်မှ လုပ်ကိုင်စေခြင်းဖြင့် စီစဉ်နိုင်ရင် လက်ရှိကာလမှာ ပိုကောင်းပါတယ်။
“မဖြစ်မနေ လုပ်ငန်းခွင်ထဲမှာ လာရောက်လုပ်ကိုင်ရမယ့်ဝန်ထမ်း တွေအတွက် အလုပ်နေရာကို သတ်မှတ်ထားတဲ့အကွာအဝေးအတိုင်း နေရာချထားရပါမယ်။ နှာခေါင်းနဲ့ ပါးစပ်ကို လုံအောင်ဖုံးအုပ်နိုင်မယ့် Mask တပ်ဆင်စေရပါမယ်။ မျက်နှာချင်းဆိုင်မဖြစ်စေဖို့နဲ့ မျက်နှာချင်းဆိုင်လုပ် ကိုင်ရမယ်ဆိုရင် မျက်နှာတစ်ခုလုံးကာကွယ်နိုင်မယ့် Face Shield ကို တပ်ဆင်စေဖို့ ညွှန်ကြားစီစဉ်ပေးထားရပါမယ်။
– အဆိုင်းနဲ့အလုပ်လုပ်ရတဲ့သူတွေဆို အဆိုင်းတစ်ခုနဲ့တစ်ခုအကြားမှာ လုံလောက်တဲ့ စစ်ဆေးပြင်ဆင်ချိန်ရအောင် အချိန်ပေးရပ်နားဖို့လိုအပ်ပါမယ်။ 
– ဝန်ထမ်းတွေကိုလည်း ယင်းတို့ပုံမှန်လုပ်ကိုင်နေကျအဆိုင်းကနေ မပြောင်းဘဲ တစ်သမတ်တည်း လုပ်ကိုင်စေဖို့လိုပါတယ်။ ဂျူတီအဆိုင်းပြောင်းရွှေ့ခြင်းဖြင့် တစ်ဦးမှတစ်ဦး ထိတွေ့သူအရေအတွက် ပိုမိုများပြားလာမှာကို မလိုလားလို့ပါ။ 
– ဝန်ထမ်းများ စားသောက်ခန်း၊ ဝန်ထမ်းများ နားနေခန်းတို့မှာလည်း သတ်မှတ်အကွာအဝေးနဲ့ ညီညွှတ်အောင် ပြင်ဆင်ထားဖို့လိုပါမယ်။ မိမိတို့ဝန်ထမ်းဦးရေနဲ့ နေရာခွဲချထားမှုအရ နေရာမလောက်ငရင် စားသောက်ချိန်၊ နားနေချိန်တွေကို အစုလိုက် အချိန်ခွဲစီစဉ်ပေးဖို့ ပြင်ဆင်ထားရပါမယ်။
– မည်သည့်အကြောင်းအရာနှင့်မဆို နာမကျန်းဝန်ထမ်းရှိပါက အကြောင်းကြားရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်၊ ဆေးကုသမှုခံယူရန်၊ စောင့်ကြည့်ရန် စသည်တို့အတွက် ပြင်ဆင်ထားရမည်။ ယင်းဝန်ထမ်းအားလုံး သိရှိစေရန် အသိပေးပြီး လိုက်နာမှုရှိစေရန် ညွှန်ကြားကူညီရမည်။
– မိမိတို့ဝန်ထမ်းများ၏ ဆက်စပ်မိသားစုဝင်ထဲမှ တစ်စုံတစ်ယောက် နေထိုင်မကောင်းဖြစ်ခဲ့လျှင်လည်း မကွယ်မဝှက် ချက်ချင်းအကြောင်းကြား အသိပေးနိုင်ရန် ဝန်ထမ်းများကို အသိပညာပေး လမ်းညွှန်ထားဖို့ လိုအပ်ပါသည်။ 
– ယခုကာလအတွက် ကြေညာထားသော မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ၊ အမိန့်ကြော်ငြာစာများ ကို အများမြင်သာသောလုပ်ငန်းခွင်၏နေရာများ (ဂိတ်အဝင်၊ အထွက်၊ စားသောက်ခန်း၊ နားနေခန်း၊ ကြော်ငြာသင်ပုန်း၊ အိမ်သာ၊ လျှောက်လမ်း) စသည်တို့တွင် သိသာမြင်သာအောင် ချိတ်ဆွဲ (သို့မဟုတ်) ကပ်ထားဖို့ လိုအပ်ပါသည်။
– နေ့စဉ် နေအိမ်မှ လုပ်ငန်းခွင်သို့ လာရောက်ရမည့်ဝန်ထမ်းများအတွက် ကြိုပို့ယာဉ်များ စီစဉ်ပေးထားရန်နှင့် ယာဉ်ပေါ်တွင် ထိုင်ခုံနေရာများကို ခွာထားရန် ပြင်ဆင်ပေးရပါလိမ့်မည်။ ဝန်ထမ်းများအားလည်း အမည် သို့မဟုတ် နံပါတ်တစ်ခုခုဖြင့် ပုံသေမိမိနေရာတွင်သာမိမိ ထိုင်ကြပါရန် ပြင်ဆင်စီစဉ်ပေးထားဖို့ လိုပါမယ်။
– အပူချိန်တိုင်းကိရိယာကိုလည်း လူငါးဆယ်လျှင် တစ်ခုနှုန်းဖြင့် စီစဉ်ပေးထားရပါလိမ့်မည်။
– အပူချိန်တိုင်းရသောနေရာတွင် တာဝန်ယူမည့်ဝန်ထမ်းအား နှာခေါင်းစည်း Mask မျက်နှာတစ်ခုလုံးဖုံးအုပ်နိုင်သော Face Shield လက်အိတ်တို့ ဝတ်ဆင်ရန် ညွှန်ကြားပြင်ဆင်ပေးထားရပါလိမ့်မယ်။
– အလုပ် အတက်အဆင်းမှတ်တမ်းကိုလည်း အရင်ကလို လက်ဗွေနှိပ်တာ၊ လက်မှတ်ထိုးစေတာမျိုးမလုပ်ဖို့ ညွှန်ကြားထားရပါမယ်။ အချိန်ယူ မှာဖြစ်ပေမယ့် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ၊ လုပ်ငန်းခေါင်းဆောင် သူများက နာမည်ခေါ်စစ်ဆေးပြီး မှတ်တမ်းယူဖို့က ဘေးကင်းပါလိမ့်မယ်။ ဒီလိုနာမည်ခေါ်ချိန်မှာ မိမိတို့လုပ်ငန်းနဲ့ပတ်သက်တဲ့ နေ့စဉ်ညွှန်ကြားချက်၊ အသိပေးချက်၊ သတိပြုရန်လုပ်ငန်းစဉ်တို့ကို တစ်ခါတည်း ညွှန်ကြား အသိ ပေးနိုင်ပါတယ်။ ဝန်ထမ်းတွေကို သတ်မှတ်အကွာအဝေး၊ သတ်မှတ်ပုံစံအတိုင်း ရပ်ပြီး နေရာယူနိုင်အောင်တော့ မျဉ်းဆွဲပေးထားဖို့ လိုပါမယ်။
– မိမိတို့ရဲ့ စာရင်းရှိဝန်ထမ်းတစ်ဦးချင်းစီကို ဆက်သွယ်နိုင်မယ့် အချက်အလက်အပြည့်အစုံကို စနစ်တကျစီစဉ်ထားဖို့လည်း လိုပါမယ်။ ဒီအချက်ကတော့ အများစုမှာ သေချာပေါက်ရှိနှင့်ပြီး ဖြစ်နိုင်ပါတယ်။
– အရေးကြီးတဲ့နောက်တစ်ချက်ကတော့ လက်ဆေးကန်ပါ။ လူ ငါးဆယ်ကို တစ်ကန် သို့မဟုတ် နေရာအလိုက် လွယ်လင့်တကူဆေးကြော သန့်စင်နိုင်အောင် စီစဉ်ပေးထားရပါလိမ့်မယ်။ လက်နဲ့တိုက်ရိုက်ထိတွေ့ စရာမလိုဘဲ အပိတ်အဖွင့်ကို ခြေနင်းပြုလုပ်နိုင်တဲ့စနစ်ဆို ပိုကောင်းပါ တယ်။ ဆပ်ပြာကိုတော့ အရည်ပဲသုံးသင့်ပါတယ်။ လက်သုတ်ဖို့ တစ်ရှူး ကိုလည်း အလုံအလောက် ဘူး သို့မဟုတ် သေတ္တာနဲ့ ထည့်ပေးထားရ ပါမယ်။
– တချို့လက်ဆေးကန်ထားဖို့ မလွယ်တဲ့နေရာမှာဆိုရင်တော့ လက်သန့်ဆေးရည် လုံလောက်အောင်ထားပေးဖို့ လိုပါမယ်။ စားသောက် ခန်းတို့၊ ဂိတ်အဝင်အထွက်တို့၊ အိမ်သာတို့မှာတော့ လက်ဆေးကန် မဖြစ် မနေထားရမှာပါ။ လက်ဆေးတဲ့နည်းစနစ်မှန်ကန်အောင် ကျန်းမာရေးဌာန ရဲ့ ညွှန်ကြားထားတဲ့ လက်ဆေးနည်းအဆင့်ဆင့်ကို လက်ဆေးကန်တွေ ရှေ့ မြင်သာရာမှာ ကပ်ထားဖို့လည်း လိုပါတယ်။
– နောက်တစ်ချက်က အမှိုက်သိမ်းတဲ့စနစ်။ အမှိုက်ကို အမျိုးအစား ခွဲစွန့်ပစ်ဖို့၊ အမှိုက်ပုံး၊ အမှိုက်ကန်တိုင်းမှာ အဖုံးအပိတ်ရှိဖို့၊ အပိတ်အဖွင့် ကိုလည်း ခြေနင်းပြုလုပ်နိုင်တဲ့စနစ်ဖြစ်ဖို့ စီစဉ်ထားရပါမယ်။ တစ်ခါသုံး ပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်းတို့၊ လက်အိတ်တို့၊ တစ်ရှူးတို့ကို သီးသန့် စွန့်ပစ်ဖို့နဲ့ လုံလုံခြုံခြုံထုပ်ပိုးပြီး အချိန်အလိုက်စွန့်ပစ်နိုင်အောင် စီစဉ်ပေး ဖို့လည်းလိုပါမယ်။
– လုပ်ငန်းခွင်သုံးစားပွဲများ၊ စားသောက်စားပွဲများနှင့် အခြား ထိတွေ့နိုင်သော မျက်နှာပြင်များကို အချိန်အလိုက်သတ်မှတ်ထားသော ပိုးသန့်ဆေးရည်များသုံးပြီး သန့်ရှင်းရေးပြုလုပ်ရန်။ အနည်းဆုံး ရုံးချိန် အတွင်း မနက်၊ နေ့လယ်၊ ညနေ သုံးကြိမ်လောက်တော့ လုပ်ဖို့လိုအပ်ပါ လိမ့်မယ်။
– ဝန်ထမ်းစားသောက်ခန်းမှာ တာဝန်ယူရတဲ့ဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ နေ့စဉ်လိုက်နာဖွယ်တွေ၊ အသုံးပြုရမယ့် နှာခေါင်းစည်း၊ လက်အိတ်နဲ့ အခြားသုံးသင့်သုံးထိုက်တဲ့ ခေါင်းအုပ်တဲ့ Hair Cap တို့၊ ကိုယ်လုံးဖုံးနိုင်တဲ့ Apron တို့၊ လည်ရှည် ဖိနပ်တို့ကို လုံလောက်အောင်စီစဉ်ပေးထားဖို့လိုပါမယ်။
– လေဝင်လေထွက်ကောင်းအောင် စီစဉ်ထားဖို့လိုသလို၊ လေအေးပေးစက်တွေက လေစစ်တွေကို ဖြုတ်ဆေးသန့်စင်မယ့် သတ်မှတ်အချိန် ဇယား၊ အသေးစိတ် စစ်ဆေးသန့်ရှင်းရေးလုပ်တဲ့ မှတ်တမ်းအတိအကျ ထားရှိပြီး အဲဒီအတိုင်းဆောင်ရွက်ဖို့လည်းလိုပါမယ်။
ဆိုခဲ့တဲ့အချက်တွေကတော့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေရဲ့ အစစ် ဆေးခံစဉ်သာမဟုတ်ဘဲ နေ့စဉ်နဲ့အမျှ ယခုကာလအတွင်း သတိကြီးကြီးနဲ့ ပြင်ဆင်စိစစ်နေဖို့လိုပါတယ်။ လုပ်ငန်းပြန်လည်ပတ်ခွင့်ရရုံ၊ အလုပ်လုပ်ခွင့် ရရုံနဲ့ ကျေနပ်လိုက်လို့မရပါဘူး။ အားလုံးရဲ့ နေ့စဉ်ဘဝတွေ ဘေးကင်းလုံခြုံဖို့ လူသားအနာဂတ်သာယာဖို့ ကျွန်တော်တို့တစ်ဦးချင်းစီမှာ တာဝန်ရှိတယ်ဆိုတာ အလေးအနက်သတိချပ်စေချင်ပါတယ်။
Z မောင်

Source : The Voice