fbpx

သံဃာတော်များကို ဝေဖန်ခဲ့သူ သံဃာတော်များအား လာရောက်တောင်းပန်၊ ဥပဒေအတိုင်း အရေးယူမည်

မိတ္ထီလာ၊ မေ ၁၉
သံဃာတော်များကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆဲဆိုခဲ့သော Kyaw Win Thant အကောင့်ပိုင်ရှင်အမျိုးသားသည် ရန်ကုန်မြို့မှ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်ရှိ ကိုးနဝင်းကျောင်း တိုက်သို့ မေလ ၁၉ ရက်နေ့နံနက်ပိုင်းက လာရောက်တောင်းပန်စဉ် ကျောင်းတိုက် ပြင်ပ၌ ရာနှင့်ချီသော လူစုလူဝေးကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်လာ၍ ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းအမျိုးသားသည် မိတ္ထီလာမြို့ ရှိ သံဃာများကို ဆဲဆိုဝေဖန်ခဲ့သည့် ရေး သားမှုများကြောင့် လွန်ခဲ့သည့်နှစ်ရက်မှ စတင်ကာ လူမှုကွန်ရက်သုံးစွဲသူများကြားတွင် ပျံ့နှံ့သွားခဲ့သည်။
“သာသနာရေးဦးစီးဌာနကို လွှဲ အပ်ပြီး ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ အရေးယူဖို့ ဆုံးဖြတ်ချက်ချလိုက်တော့ သာသနာရေးဦးစီးက အမှုတည်ဆောက် ဖို့ ဆောင်ရွက်နေပြီ။ တရားရုံးကိုဦးတိုက် လျှောက်ပြီး တရားစွဲမယ်။ ရဲကို အကြောင်း ကြားပြီး ခေါ်တယ်။ ခရိုင်မှူးရယ် မြို့မ စခန်းမှူးရယ် အကုန်ရောက်လာတယ်။ ကားသုံးစီးနဲ့ ရဲအစောင့်အရှောက်နဲ့ လာ ခေါ်တယ်။ လူထုကိုမနိုင်မှာကြောက်တော့ မြင်သာအောင် လက်ထိတ်ခတ်ပြီးတော့ ကျောင်းဝရန်တာပေါ်ကနေ မြို့လူထုကို လက်အုပ်ချီပြီးတော့ တောင်းပန်ခိုင်း တယ်။ သူ့ကို ကားပေါ်တင်တဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်တယ်။ ရိုက်ကြပြုကြပေါ့။ မထိပါဘူး။ ရဲတွေပဲ အထိခံရတယ်။ ရဲတွေက ကာတာဆို တော့” ဟု အဆိုပါတောင်းပန်ပွဲသို့ တက် ရောက်ခဲ့သော မိတ္ထီလာမြို့ခံ ဦးဝင်းဇော် က ပြောကြားသည်။
အဆိုပါအမျိုးသားကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားစဉ် ဒေသခံများက နန်းတော်ကုန်းရပ်ကွက်ရှိ မိတ္ထီလာမြို့မ ရဲစခန်းအထိ လိုက်ပါသွားသည်ဟု မျက်မြင် ကိုယ်တွေ့ ကြုံသူများက ပြောဆိုသည်။ 
Kyaw Win Thant အကောင့်ပိုင် ရှင်မှာ အသက် ၃၄ နှစ်အရွယ် ဆရာဝန် တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း၊ ရန်ကုန်တွင်နေထိုင်လျက်ရှိသော်လည်း ၎င်း၏မိဘများမှာ မိတ္ထီလာမြို့တွင် နေ ထိုင်လျက်ရှိကြောင်း ဌာနဆိုင်ရာ စုံစမ်း စစ်ဆေးမှု အစီရင်ခံစာများတွင် ဖော်ပြ ထားသည်။
“သူ့မိဘအိမ်တွေကိုလည်း မလို လားအပ်တဲ့ အန္တရာယ်ဖြစ်မှာစိုးတာ။ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ လုပ် ဆောင်တဲ့အထဲမှာ အားနည်းချက်လေး တွေရှိနေတယ်။ ကျွန်တော်တို့မြို့က ဘာ သာရေးနဲ့ပတ်သက်ရင် ထိလွယ်ရှလွယ် ဆိုတာ သူတို့သိတယ်။ ဒီအကောင့်ပိုင်ရှင် စော်ကားတဲ့အခါမှာ ကျွန်တော်တို့ရဲ့အဖြေကို စောင့်မနေဘဲနဲ့ ထိထိရောက်ရောက် အရေးယူတာမျိုးကို ကျွန်တော်တို့က လုပ် စေချင်တာ။ အာဏာပိုင်အဖွဲ့အစည်းက တင်းတင်းရင်းရင်းလုပ်ဆောင်မယ်မရှိဘဲ နဲ့ ဒီအမှုက ကျွန်တော်တို့ဖွင့်မှရမှာတို့ ဘုန်းကြီးဖွင့်ရမှာတို့ ဖြစ်လာတော့ လူ တွေရဲ့စိတ်က တရားဥပဒေက ဘာလဲ ဆိုတာမျိုးနဲ့ စနိုးစနောင့်ဖြစ်ပြီး ပြဿနာ ကကြီးလာတာ” ဟု မိတ္ထီလာမြို့ခံ ဦးဖြိုး ဝေသန့်က ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ Kyaw Win Thant အကောင့်ပိုင်ရှင်ကို ဥပဒေ အရတရားစွဲဆိုသွားမည်ဖြစ်ပြီး ဥပဒေ အကြံပေးတောင်းရန် အစည်းအဝေးပြု လုပ်လျက်ရှိ၍ ရက်ပိုင်းအတွင်းစွဲဆိုသွား မည်ဖြစ်ကြောင်း ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် အဆိုပါအမျိုးသားကို မန္တလေးမြို့သို့ ပို့ဆောင်ထိန်းသိမ်းထား ပြီဖြစ်၍ မိတ္ထီလာမြို့တွင် အခြေအနေ ပြန် လည်တည်ငြိမ်သွားပြီဖြစ်သည်။ 

Source : The Voice