သတင်း မီဒီယာ လွတ်လပ်ခွင့်ကို တန်ဖိုးထားပါ

(တစ်)
“သတင်းစာတွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက တခြား အစိုးရလက်ထက်နဲ့ သေသေချာချာ နှိုင်းယှဉ်ကြည့်စေချင်တယ်…ကျွန်တော် တို့ဟာ ဘယ်လိုအစိုးရဆိုတာလည်း ဘာမှ အထူးပြောနေစရာ မလိုဘူး… ဒီတော့ကာ ကျွန်တော်တို့ကို ထောက်ခံအားပေးနေတဲ့ သတင်းစာတွေလည်း အားပေးချင်ပေးကြ… ဒီလိုမှမဟုတ်လို့ ကျွန်တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံလုပ်ချင်ကြတဲ့ သတင်းစာတွေဆိုရင်လည်း သဘောအတိုင်း ပဲ…”
(ဗိုလ်ချုပ်အောင်ဆန်း။ ၁၉၄၇ ခုနှစ်၊ ဧပြီ-၁၇ ရက်နေ့၊ မြန်မာ့နှစ်သစ်ကူးညမိန့်ခွန်း-မှ။ )
(နှစ်)
၂၀၂၀ ပြည့်နှစ်သည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ်တွင် မေးခွန်းများစွာ ပဲ့တင်ထပ်လာခဲ့သော ခုနှစ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်မှစတင်ကာ ဒီမိုကရေစီတံခါးကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လွတ်လပ်ခြင်း၏အနှစ်သာရကို အတိုင်းအတာတစ်ခု အထိ ရရှိလာခဲ့သောနိုင်ငံ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဖြင့် သမ္မတ ဦးသိန်းစိန် အာဏာရရှိလာခဲ့ပြီးနောက် သူ၏အစိုးရအပေါ်တွင် ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့်မရှိသေးသော စစ်သားတစ်ပိုင်းအစိုးရအဖြစ် လူထုက သတ်မှတ်ဝေဖန်မှုများရှိခဲ့ကြသေးသည်။ သို့သော် ၎င်းသည် သူ၏အစိုးရ သက်တမ်းငါးနှစ်တာကို အပျော့ အမာစနစ်ကောင်းဖြင့် စီမံခန့်ခွဲသွားနိုင် ခဲ့သည်။ ထိပ်တိုက်ကြုံဆုံလာရသော အခက်အခဲအကျပ်အတည်းများကို လည်း အတော်အတန် လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းသွားနိုင်ခဲ့သည်ဟု ဆိုနိုင်၏။ 
အထူးသဖြင့် သမ္မတဦးသိန်းစိန်လက်ထက်တွင် မြန်မာ့သတင်းမီဒီယာ ကဏ္ဍသည် အခြေအနေအတိုင်းအတာတစ်ခုအထိ ခရီးပေါက်လာခဲ့သည် ဟု ဆိုနိုင်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(ယာယီ)ကို အဖွဲ့ဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းပြီးနိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် လက်ရှိသတင်းမီဒီယာကောင်စီ ဖြစ်တည်လာခဲ့သည်။ ထို့အပြင် သမ္မတဦးသိန်းစိန်သည် သူ၏အစိုးရသက်တမ်းတွင် မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင်လည်းကောင်း၊ သတင်းမီဒီယာနည်းဥပဒေများကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင်လည်း ကောင်း အတည်ပြု ပြဋ္ဌာန်းသွားနိုင်ခဲ့သည်။ ထိုအချက်များမှာ မြန်မာ့ သတင်းမီဒီယာကဏ္ဍအတွက် အလှပဆုံးအရုဏ်ဦးတစ်ခုကို မွေးဖွားသန့်စင် နိုင်ခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။ 
လက်ရှိအချိန်တွင် ပြည်သူလူထုမှ ရာနှုန်းပြည့်ရွေးချယ်တင်မြှောက် ထားသော အရပ်သားစစ်စစ်အစိုးရ NLD သည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်လာခဲ့သည်မှာ ငါးနှစ်တာ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်၏။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စစ်သားတစ်ပိုင်းအစိုးရဆိုသောစွပ်စွဲ ချက်မျိုးကို ကြားခဲ့ရသော်လည်း NLD အစိုးရကိုမူ အရပ်သားစစ်စစ်ဒီမိုကရေစီအစိုးရအဖြစ် မြန်မာ့ပြည်သူများသာမက ကမ္ဘာမှပါ မျှော်လင့် ချက်ထားခဲ့ကြသည်။ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသော ပြုပြင်ပြောင်းလဲရေးကဏ္ဍအသီးသီးတို့ကို အရပ်သားစစ်စစ်အစိုးရက ပြည်သူ့မျက်နှာတစ်ခုတည်းဖြင့် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည် ထားခဲ့ကြသည်။ 
၁၉၈၈ ခုနှစ်နောက်ပိုင်းမှအစပြုကာ မြန်မာ့နိုင်ငံရေးလောကထဲတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားများအရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် ငြိမ်းချမ်းရေး စသောအသံများဖြင့် လူထု၏ထောက်ခံမှုကို တောင်ပြိုကမ်းပြိုရရှိလာခဲ့သော အရပ်သားစစ်စစ်အစိုးရ အပေါ်တွင် လက်ရှိအခြေအနေ၌ မေးခွန်းများစွာ ထင်ဟပ်လာခဲ့ပြီဖြစ်ပါ သည်။ အစိုးရသက်တမ်းငါးနှစ်တာကာလအတွင်း၌ လူထုမျှော်လင့်ခဲ့သည့် အတိုင်း အမှန်တကယ်ဖြစ်လာခဲ့ပြီလားဆိုသော မေးခွန်းများကိုလည်း ခပ်စိပ်စိပ်ကြားလာနေခဲ့ရပြီ ဖြစ်သည်။ အဆိုးဆုံးမှာ ပြီးခဲ့သည့်အစိုးရ လက်ထက်၌ အထိုက်အလျောက်ရရှိခဲ့သော သတင်းမီဒီယာလွတ်လပ်ခွင့် သည် ယခုအရပ်သားစစ်စစ်အစိုးရလက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုလျော့ကျလာသည်ဆိုသော နှိုင်းယှဉ်ပြောဆိုသံများပင် ဖြစ်ပါသည်။ 
(သုံး) 
မြန်မာနိုင်ငံသည် တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အစိုးရ၏လက် အောက်တွင် ဆယ်စုနှစ်များစွာ အသားကျရှင်သန်လာခဲ့ရသော နိုင်ငံတစ်ခု ဟုဆိုနိုင်သည်။ ထိုမတိုင်မီ သမိုင်းဦးကာလများက မြန်မာပြည်ဖွားတိုင်း ရင်းသားပြည်သူများသည် ရွေးချယ်ပိုင်ခွင့်မရှိသော သက်ဦးဆံပိုင်ဘုရင် စနစ်၏ အာဏာစက်အောက်တွင် ရှင်သန်လာခဲ့ကြရသည်။ မြန်မာပြည်သူ လူထုတို့တွင် အရှက်နှင့် အကြာက်တရားသည် မွေးရာပါအမွေတစ်ခုအဖြစ် ကပ်ပါလာခဲ့ရသည်။ ထိုထက်မကဆိုရလျှင် လူသားဖြစ်တည်ခြင်း၏အနှစ် သာရနှင့် ရပိုင်ခွင့်များကို ဆုံးရှုံးလာခဲ့ကြရသည်ဟု ဆိုနိုင်၏။ သို့သော် ထိုအခြေအနေများမှာ အတိတ်သမိုင်းများသာဖြစ်၍ လက်ရှိနှင့်သက်ဆိုင်မှု မရှိတော့ချေ။ ယခုအခါ မြန်မာနိုင်ငံသည် အရပ်သားစစ်စစ်အစိုးရ အုပ်ချုပ် မှုအောက်မှ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ မြန်မာနိုင်ငံသား တို့သည်လည်း ဒီမိုကရေစီအစိုးရ၏လက်အောက်မှ ဒီမိုကရေစီပြည်သူများ ဖြစ်နေခဲ့ပြီဖြစ်၏။ သို့သော် လက်ရှိ ဒီမိုကရေစီအစိုးရလက်အောက်တွင် မြန်မာ့မီဒီယာကဏ္ဍနှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တို့ စိန်ခေါ်မှု များရှိနေရသည်ကတော့ စိတ်မကောင်းစရာပင်ဖြစ်ပါသည်။ 
မတ်လ ၃ ရက်နေ့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဆောင်ပုဒ်မှာ “ကြောက်ရွံ့မှုနှင့် ဘက်လိုက်မှုကင်းသော သတင်းအတတ်ပညာ – Journalism without Fear or Favour -” ဟူ၍ ဖြစ်သည်။ သို့သော် ပြင်သစ်နိုင်ငံအခြေစိုက် Reporters sans frontiers: RSF အဖွဲ့၏ ၂၀၂၀ ပြည့်နှစ်အတွက် ထုတ်ပြန်လာခဲ့သော မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်အညွှန်းအရ လက်ရှိအစိုးရလက်ထက်တွင် နှစ်စဉ်ကျဆင်း လာခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်အညွှန်း (၁၄၃) တွင် ရှိခဲ့ကြောင်းဆိုသည်။ သို့သော် လက်ရှိအစိုးရလက်ထက်၌ ၂၀၁၇ တွင် ၁၃၁၊ ၂၀၁၈ တွင် ၁၃၇၊ ၂၀၁၉ တွင် ၁၃၈ နှင့် ၂၀၂၀ ပြည့်နှစ်တွင်တော့ ၁၃၉ ထိတိုင် ကျဆင်းသွားကြောင်း ဖော်ပြသည်။ လွတ်လပ်စွာထုတ်ဖော်ပြော ကြားခွင့်အခြေအနေနှင့်ပတ်သက်၍ အသံ (Athan) အဖွဲ့၏ ဖော်ပြချက်တွင် လက်ရှိအစိုးရ၏ ၄ နှစ်တာကာလ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နှင့်ပတ်သက်၍ တရားစွဲဆိုထောင်ချခံရသူများ၊ သတင်းမီဒီယာသမား များကို တရားစွဲဆို အရေးယူခံရခြင်းများ စသည်တို့ကို ခုနှစ်အလိုက် ဖော်ပြ ထားသည်ကို တွေ့ရသည်။ ထိုအခြေအနေများမှာ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ပြည်သူလူထုမှ အစိုးရသို့ မေးခွန်းများ ဖြစ်လာခဲ့သည်။ 
(လေး)
သတင်းမီဒီယာနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ တတိယမြောက် သမ္မတ သောမတ်ဂျက်ဖာဆင် (၁၈၀၁-၁၈၀၉) ပြောခဲ့ဖူးသော စကားတစ်ခွန်း မှာ အလွန်မှတ်သားစရာကောင်းလှသည်။ “အစိုးရရှိပြီး သတင်းစာမရှိ သောနိုင်ငံနှင့် အစိုးရမရှိဘဲ သတင်းစာရှိသောနိုင်ငံကို ရွေးပါဟုဆိုလျှင် အစိုးရမရှိဘဲ သတင်းစာရှိသောနိုင်ငံကို ရွေးမည်” ဟူ၍ ဖြစ်၏။ ကမ္ဘာ့သတင်း အဖွဲ့ကြီး (The World Association of Newspapers) ၏ ဆောင်ပုဒ် တွင် “သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ ပြည်သူတို့၏ လွတ်လပ်ခွင့် ပင်ဖြစ်သည်”ဟူ၍ ဖြစ်၏။ သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုသည်မှာ သတင်း သမားများအနေနှင့် သတင်းမီဒီယာမှတစ်ဆင့် ပြည်သူကို ပြန်လည်ပညာပေး ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ဆိုသည်။ ထိုသတင်းလွတ် လပ်ခွင့်ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းပုဒ်မ (၁၉) တွင် ပြဋ္ဌာန်းထားကြောင်းလည်း ဆိုသည်။ 
မြန်မာ့သမိုင်းထဲမှ မင်းတုန်းမင်းသည် ရတနာပုံသတင်းစာတိုက် ထူထောင်နိုင်ရန် အချက် ၁၇ ချက်ပါဝင်သော ဥပဒေတစ်ရပ်ကို ၁၂၃၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး သတင်းစာကိုမူ ၁၂၃၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် စတင်ထုတ် ဝေခဲ့သည်။ ရတနာပုံသတင်းစာထုတ်ဝေရာတွင် သတင်းလွတ်လပ်ခွင့် သို့မဟုတ် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နှင့်ပတ်သက်၍ မင်းတုန်းမင်း က “ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကို ရေး၊ ငါ့သားသမီး မကောင်းလျှင် ငါ့သားသမီးကိုရေး၊ လွှတ်တရားသူကြီး မကောင်းလျှင် လွှတ်တရားသူကြီးကိုရေး၊ မြို့ဝန်မကောင်းလျှင် မြို့ဝန်ကို ရေး၊ မင်းတို့ သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်း စာတိုက် မည်သူမဆို အတားအဆီးမရှိ ဝင်ထွက်စေ”ဟူ၍ပင် အမိန့်တော် ထုတ်ပြန်ခဲ့သည်။ ထိုအကြောင်းအရာကိုကြည့်ခြင်းဖြင့် မြန်မာ့သတင်းမီဒီယာ ကဏ္ဍနှင့် သတင်းလွတ်လပ်ခွင့်သည် ရှေးသမိုင်းခေတ်၌ပင် မညှိုးနွမ်းခဲ့ ကြောင်းကို သိရှိနိုင်လေသည်။ 
(ငါး)
မြန်မာတို့၏ သတင်းစာသမိုင်းကို ပြန်ကြည့်လျှင်လည်း ခေတ်အဆက် တို့၌ သတင်းစာဆရာကြီးများနှင့် သတင်းစာပေါင်းများစွာ ရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၈၃၆ ခုနှစ်တွင် မော်လမြိုင်မြို့ ၌ ထုတ်ဝေခဲ့သော (Maulmain Chronicle) သတင်းစာ၊ ၁၈၄၄ ခုနှစ်တွင် (Maulmain Almanac) ၁၈၄၆ ခုနှစ်တွင် (Mau lmain Advertiser) နှင့် ၁၈၅၆ တွင် (Maulmain Observer) တို့ စတင်ပေါ်ထွက်လာခဲ့ကြောင်း ဆိုသည်။ ၁၈၇၈ ခုနှစ်တွင် (Rangon Daily Mail)၊ ၁၈၇၉ တွင် (Daily Review) ၁၈၉၉ တွင် (Time of Burma) ၁၉၀၈ ခုနှစ်တွင် (The Remena Time) တို့သည်လည်း အသီးသီးပေါ်ထွက်လာခဲ့ကြသည်။ ရခိုင်တွင် ၁၈၅၃- ၅၄ ခုနှစ်၌ (Akyab Commercial Advertiser) ကို စတင်ထုတ်ဝေခဲ့ကြောင်း ဆိုသည်။ ၁၉၀၀ ပြည့်နှစ်တွင် (Arakan News) ၊ ၁၈၉၂-၉၃ ခုနှစ်တွင် (Arakan Advocate)၊ (Arakan Echo)၊ (The Daily Advertiser) ၁၉၀၆-၉၇ တွင် (The Arakan Time)၊ ၁၈၉၆ ခုနှစ်တွင် ကျောက်ဖြူမြို့၌ (Kyaykphyu Advertiser) နှင့် (friend of Arakan) တို့ကို ထုတ်ဝေခဲ့ကြောင်း သိရ၏။ ထို့အပြင် မြန်မာ့စာပေနှင့် သတင်းမီဒီယာ သမိုင်း၌ အလွန်ထူးချွန်ထက်မြက်သော ပြည်သူ့အကျိုးဆောင် စာပေနှင့် သတင်းစာဆရာကြီးများစွာလည်း ပေါ်ထွန်ခဲ့သည်ကို တွေ့နိုင်သည်။ အချိန်ကာလကြာညောင်းစွာ သမိုင်းမြစ်တွယ်လာခဲ့သော မြန်မာ့သတင်းမီဒီယာ၊ သတင်းစာဆရာနှင့် စာရေးဆရာတို့၏ကဏ္ဍသည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရန်ကြိုးပမ်းရာတွင်လည်းကောင်း၊ နိုင်ငံတော်ထူထောင်ရာတွင်လည်းကောင်း အဘက်ဘက်မှ ဝန်းရံလာခဲ့သည်မှာ အမှန်တရားတစ်ခုပင် ဖြစ်ပါသည်။ 
လက်ရှိအချိန်တွင် မြန်မာ့မီဒီယာလွတ်လပ်ခွင့်သည် စိန်ခေါ်ချက်များနှင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ သတင်းမီဒီယာများနှင့် သတင်းစာဆရာများ၏ လွတ်လပ်စွာထုတ်ဖော်ရေးသား ဖော်ပြခွင့်တို့သည် စိန်ခေါ် မှုများစွာရှိလာနေကြောင်း အသံများကို ကြားရပါသည်။ စင်စစ်တွင် သတင်း မီဒီယာများနှင့် သတင်းစာဆရာများအပေါ် ကန့်သတ်ထိန်းချုပ်ခြင်းသည် ပြည်သူများ၏လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားခြင်းပင် ဖြစ်ပါလိမ့်မည်။ ပြည်သူများနှင့် နိုင်ငံတော်၏ နား၊ မျက်စိကို ပိတ်ပင်ခြင်းနှင့် တူနေမည် ဖြစ်သည်။ ဒီမိုကရေစီခရီးကို အရှိန်ကောင်းကောင်းဖြင့် ခရီးဆက်နေချိန်မျိုး တွင် ဒီမိုကရေစီ၏အနှစ်သာရတစ်ခုဖြစ်သော လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်နှင့် လွတ်လပ်စွာ သိရှိနားလည်ခွင့်မကျဆုံးစေရန် အရေးကြီး ပါသည်။ နိုင်ငံတော်ကို ချစ်ပါက သတင်းမီဒီယာအခန်းကဏ္ဍကိုလည်း တန်ဖိုးထားတတ်ရန် လိုအပ်နေမည် ဖြစ်ပါသည်။ ။
ရက္ခ

Source : The Voice