fbpx

ရွှေပန်းကန်

ဘာသာရေးသည် အထိမခံရွှေပန်းကန်ဖြစ်သည်။ နိုင်ငံလေးများတင်မက နိုင်ငံကြီးများတွင်လည်း အထိမခံကြ။ ကျကွဲတတ်သည်။ မြန်မာပြည်လို နိုင်ငံလေးများတွင်ဆို ပိုဆိုး။ ရွှေပန်းကန်တွေက များလွန်းသည်။ 
စစ်တပ်ကိုလည်း ထိလို့မရ။ တပ်မိသားစုဝင် တွေက များလွန်းသည်။ အမေစုသည်ပင်လျှင် တပ်မိသားစု ဝင်ဖြစ်ပြန်၏။ တပ်နှင့်ကင်းသူရှားသည်။ ဒါကြောင့် ထိတာနဲ့ ဒုက္ခရောက်သည်။ ထောင်ကျ၊ တန်းကျဖြစ်ရ သည်။ 
အစိုးရကိုလည်း ထိလို့မရ။ အစိုးရကလည်း မေမေစု အစိုးရဆိုတော့ အမေ့သားတွေကိုကြောက်ရသည်။ အမေသားကိုမှ သားအရင်းဖြစ်သည့် ဝန်ကြီးတွေကိုရော မွေးစားသားတွေဖြစ်သည့် အမေ့ထောက်ခံ သူတွေကိုရော ကြောက်ရသည်။ အစိုးရကိုပြောရင် မွေးစားသားတွေက ဝိုင်းဆဲသည်။ သားအရင်းတွေက အဖမ်းခံရအောင် ဝိုင်းကျပ်ပေးသည်။ ဒီတော့ ဘယ်သူ့မှ ထိမရ။ 
ဒီကြားထဲ အတိုက်အခံကိုလည်း ကြောက်ရ သေးသည်။ အတိုက်အခံကိုလည်း ဝေဖန်ဖို့မလွယ်။ အလုပ်မှသိပ်မလုပ်တာ။
လုပ်လိုက်လျှင်လည်း တလွဲတွေများလို့ ဝေဖန် ခံရသည်။ အဲ့လို ဝေဖန်တော့လည်း အတိုက်အခံသမားတွေက ဝိုင်းဆဲသည်။ တရားစွဲသည်။ 
အဆိုးဆုံးတော့ ဘာသာရေး။ ဘာသာရေးကို ထိလျှင်တော့ မတည့်သူတွေပင် ပေါင်းစည်းကာ ဝိုင်းဆဲ ကြသည်။ မတည့်သူတွေပေါင်းပြီး ဝေဖန်သူကို ဝိုင်းကျိတ် တော့သည်။ 
ဝိုင်းရိုက်ခံရမည်။ ထောင်ချခံရမည်။ ကြောက်ဖို့ ကောင်းပေစွ။ ဗုဒ္ဓဘာသာတင်လားဆိုတော့ မဟုတ်။ အခြားဘာသာတွေကလည်း လူနည်းစု ဘာသာမို့ ထိလို့မရ။ သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ထဲ ရောက်သွားနိုင်သည်။
လူဆိုတာကလည်း ခက်သည်။ မပြောပါနှင့်ဆို ပြောချင်သည်။ အမြင်မတော်လျှင် ဝင်ပြောချင်သည်။ တလွဲလုပ်သူတွေကို ထောက်ပြချင်သည်။ ကိုယ့်ယုံကြည် ချက်ကို ထုတ်ပြောချင်သည်။ 
ဒါပေမဲ့…. အထိမခံတွေကို ကြောက်ရသည်။ 
ထိုအထိမခံတွေကို ဝေဖန်သဖြင့် ဘဝပျက်သွား သူတွေအများကြီးရှိသည်။ အဖမ်းခံရင် ခံရ။ မဟုတ် လျှင်လည်း အပြင်လောကတွင် လုပ်စားမရအောင် နာမည်ဝိုင်းဖျက်ကြသည်။ ဟုတ်တာတွေရော မဟုတ် တာတွေရောရေးကာ ဘဝပျက်အောင်လုပ်ကြသည်။ ရွှေပန်းကန်များကို ဝေဖန်မိသဖြင့် ဘဝပျက်သွားသူများကို မကြာခဏတွေ့ဖူးသည်။ 
ပိုဆိုးတာက ဒေါသထွက်နေသော လူအုပ်ကြီး။ ဒေါသထွက်နေသော လူအုပ်ကြီးသည် ဘာကိုမှ မြင်လေ့မရှိ။ ချချဆို ဝိုင်းချလိုက်မည်သာဖြစ်သည်။ တရားဥပဒေတွေ မတရားဥပဒေကို နားမလည်တော့။ 
ခေတ်အဆက်ဆက်လည်း ဒေါသထွက်နေသော ကြောင့် ဒုက္ခရောက်ခဲ့ပေါင်းမနည်းတော့။ အဓိကရုဏ်း တွေဖြစ်ခဲ့သည်။ လူသတ်ပွဲတွေဖြစ်ခဲ့သည်။ သို့သော်လည်း ကောင်းသည့်အချက်လည်း ရှိပါသေးသည်။ ဒေါသထွက်နေသော လူအုပ်ကြီးကြောင့် အရေးတော်ပုံတွေဖြစ်ပြီး ခေတ်စနစ်တွေ ပြောင်းသွားတာလည်း ရှိပြန်၏။ ဘာပဲဖြစ်ဖြစ် ပြဿနာတွေဖြစ်တာတော့ ပိုများသည်။ 
ထိုသို့သော အခြေအနေများသည် မြန်မာပြည် အတွက် မဆန်းလှ။ အမြဲဖြစ်နေသော ကိစ္စများဖြစ်သည်။ ဆရာသိန်းဖေမြင့်လည်း တက်ဘုန်းကြီးစာအုပ်ရေးသဖြင့် ဘုန်းဘုန်းများကို တောင်းပန်ရသေးသည်။ အခြားသော တောင်းပန်ရသူတွေလည်း မနည်းမနော။ 
တကယ်တော့ မြန်မာပြည်သည် လွတ်လပ်စွာ ပြောဆိုခွင့်မရသေး။ လွတ်လပ်စွာ ပြောဆိုလို့ တရားစွဲ ခြင်းသည် ပြဿနာမဟုတ်။ ပြဿနာက ဒေါသထွက်နေ သော လူအုပ်ကြီးဖြစ်သည်။ 
ထိုလူအုပ်ကြီးသည် ကိုယ်တိုင်သွေးဆူရုံသာမက အခြားသူများ သွေးဆူအောင်လည်း မြှောက်ပေးတတ်သည်။ ဒေါသထွက်နေသော လူအုပ်ကြီးသည် သူတို့နှင့် မတည့်လျှင် ဘယ်သူ့ကိုမှ ဂရုမစိုက်တော့။ 
ထိုလူအုပ်ကြီးသည် အစိမ်းဘက်တွင်သာ ရှိသည် မဟုတ်။ အနီဘက်တွင်လည်း ရှိသည်။ အဝါဘက်တွင် လည်းရှိသည်။ အစိမ်းဘက်က လူအုပ်သည် အနီ ခေါင်းဆောင် အမေစုကို ဂရုမစိုက်သလို…။ အနီဘက်က လူအုပ်သည် ကာချုပ်ကို ဂရုမစိုက်။ အဝါဘက်က လူအုပ်တွင်တော့ အနီရော အစိမ်းဘက်က လူများပါသဖြင့် ဘယ်သူ့ကိုမျှ ဂရုမစိုက်တော့….။ 
ဝေဖန်လျှင် သေဒဏ်။ 
ထို့ကြောင့် မြန်မာနိုင်ငံက ကိစ္စများကို လွတ်လပ် စွာ ပြောဆိုချင်လျှင် နိုင်ငံခြားမှာသွားပြော။ လွတ်လပ်စွာရေးသားချင်လျှင် အကောင့်တုနှင့်ရေးပါ။ မြန်မာပြည်တွင် ရွှေပန်းကန်တွေ များလွန်းသည်။ 
ကျွန်တော်ကတော့ သူတို့တွေ ဇလုံဖြင့်စားချိန်မှသာ ဝေဖန်တော့မည်။
စိုပြေ 

Source : The Voice