fbpx

ခွဲခြားကြည့်မိတဲ့ လူမိုက်နဲ့ လူလိမ္မာတို့ရဲ့ သဘောသဘာဝ

အခါတစ်ပါးမှာ သိဉ္စည်းဆရာကြီးက အရှင်သာရိပုတ္တရာမထေရ် ရယ်လို့ ဖြစ်လာမည့် ဥပတိဿကို မေးခွန်းတစ်ခု မေးလိုက်ပါ တယ်။
“လောကမှာ လူမိုက်နဲ့လူလိမ္မာ ဘယ်သူက ပိုများသလဲ”တဲ့။ ဥပတိဿကလည်း လောကမှာ လူလိမ္မာထက် လူမိုက်ကသာလျှင် ပိုများပါတယ်လို့ ဖြေကြားလိုက်ပါတယ်။ ဒီတော့မှ သိဉ္စည်းဆရာကြီးက “အေး အဲဒါဆိုရင် လူမိုက်တွေကတော့ ငါ့ဆီမှာနေရစ်ခဲ့ကြပြီး လူလိမ္မာဆိုသူတွေကတော့ ဘုရားရှင်ဆီ သွားကြပေါ့ကွာ”လို့ ပြောကြားလိုက်ပါတယ်။
ဒီလိုအမေး အဖြေတွေ ပေါ်ပေါက်လာရခြင်းအကြောင်းကတော့ အရှင်သာရိပုတ္တရာမထေရ်လောင်းဟာ သူ့ဆရာဖြစ်သူ သိဉ္စည်းဆရာကြီးကို “လောကမှာ ဘုရားဆိုတာလည်း ပေါ်ပေါက်နေပါပြီ။ တရားဆိုတာလည်း ပေါ်ပေါက်နေပါပြီ။ သံဃာဆိုတာလည်း ပေါ်ပေါက်နေပါပြီ။ မသေရာနိဗ္ဗာန် ကို လမ်းညွှန်ပြသပေးနိုင်မည့် ပုဂ္ဂိုလ်ဆိုတာ လောကမှာ ပေါ်ပေါက်နေပါပြီ။ အခု အဲဒီကိုသွားမလို့ပါ။ ဆရာကြီးကို အကျွန်ုပ်တို့နှင့်အတူသွားဖို့ လာရောက်ခေါ်ဆောင်တာပါလို့” ပြောတဲ့အချိန်မှာ ဆရာကြီးက အထက်ပါ အတိုင်း မေးခွန်းပြန်မေးလိုက်ခြင်း ဖြစ်ပါတယ်။
လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်သူက ပိုများသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး လူမိုက်၊ လူလိမ္မာဆိုတဲ့ စကားလုံးနှစ်လုံးကို ဆက်စပ်တွေး တောနေမိပြန်ခဲ့ပါတယ်။ လူမိုက်နဲ့လူလိမ္မာ ဘယ်သူက ပိုများနေမလဲဆိုတာ ယတိပြတ်မပြောနိုင်ပေမယ့် ဘယ်လိုလူစားမျိုးက လူမိုက်လဲ။ ဘယ်လိုလူကတော့ လူလိမ္မာ ဆိုတာကိုတော့ သိချင်စိတ် ပြင်းပြနေခဲ့မိပါတယ်။ လူတစ်ယောက်ကို တွေ့မြင်လိုက်ရုံနဲ့ ဘယ်သူကဖြင့် လူမိုက်၊ ဘယ်ဝှာကဖြင့် လူလိမ္မာရယ်လို့ နဖူးမှာ စာတန်းထိုးထားခြင်း မရှိတဲ့အတွက်ကြောင့် ဝေခွဲသိမြင်နိုင်ဖို့ ခက်ခဲလှပါတယ်။ အမြင်ဖြင့် ဆုံးဖြတ်ချက်ချလို့ မရနိုင်တဲ့ အခြေအနေမျိုးပင် ဖြစ်ပါတယ်။
ငယ်ငယ်ရွယ်ရွယ် ဘုန်းကြီးကျောင်းသားဘဝတုန်းကတော့ “လူမိုက် ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနှင့် ကင်းအောင်နေ။ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူလေ”ဆိုတဲ့ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ သံပေါက်ကဗျာ ကို ဖင်ဘူးတောင်းထောင်ကာ ကျက်ခဲ့ရပါတယ်။ နှုတ်တက်အာဂုံလည်း ဆောင်ခဲ့ရပါတယ်။ သို့ပေမယ့်လည်း သံပေါက်ကဗျာထဲမှာက လူမိုက်တွေကို မပေါင်းသင်းကြဖို့၊ လူလိမ္မာ ပညာရှိတွေကို မှီဝဲဆည်းကပ်ကြဖို့ကိုသာ ပါဝင်ခဲ့ပြီး လူမိုက်နဲ့ လူလိမ္မာ အမျိုးအစားကိုတော့ ကွဲကွဲပြားပြား သိရှိ နိုင်အောင် ဖော်ပြပါဝင်ခြင်း မရှိခဲ့ပါဘူး။
ကျွန်တော်ငယ်ငယ်တုန်းက အရက်သောက်ကာ မူးပြီးအိမ်ပြန်လာ တဲ့ အဖေ့ကို လူမိုက်ကြီးတစ်ယောက်လို့ ထင်ခဲ့ဖူးပါတယ်။ လင်မယားချင်း တကျက်ကျက် ရန်ဖြစ်နေတတ်ပြီး အမျိုးသမီးဖြစ်သူကို အမြဲတစေ ရန်မူ နေတတ်တဲ့ ဘေးအိမ်က လူကြီးတစ်ယောက်ကို လူမိုက်လို့ ထင်ခဲ့ဖူးပါတယ်။ အမေ့ရဲ့ အမေ၊ ကျွန်တော့်ရဲ့ အဘွားကလည်း အဖေ့ကိုကြည့်ပြီး “မင်းတို့ အဖေက သိပ်မိုက်တာ။ မကောင်းမှန်းသိရဲ့သားနဲ့ ဒီအရက်တွေကို သောက် သောက်နေတာ။ မင်းတို့အဖေလောက်မိုက်မဲ့တဲ့လူတော့ သည်လောက မှာ ရှိမယ်မထင်ဘူး” ဟု ညည်းတွားနေခဲ့တာကို မကြာခဏဆိုသလို ကျွန်တော် ကြားခဲ့ရဖူးပါတယ်။
ကျွန်တော့်ရဲ့ထင်မြင်ချက်၊ အဘွားဖြစ်သူရဲ့ စကားတွေအရဆိုရင် အဖေဟာ လူမိုက်ကြီးတစ်ယောက်ပင် ဖြစ်ပါတယ်။ ဒါဟာ လုံလောက်သော အသိဉာဏ် မရရှိသေးချိန်၊ လူမှုအသိုင်းအဝိုင်းကြားမှာ ကျင်လည်မှု နည်းပါး သေးတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် အဖေ့ကိုမြင်ပြီး သုံးသပ်မှုတစ်ခုပင် ဖြစ်ပါတယ်။ ဒီအမြင်ဟာ မှန်ကန်မှု ရှိမရှိဆိုတာကို အဲဒီအချိန်တုန်းက မခွဲခြားနိုင်ချိန်လည်း ဖြစ်ပါတယ်။
လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ပြီး လက်ညှိုးပေါင်း တစ်ထောင် ကို ဖြတ်ယူခဲ့သူ အင်္ဂုလိမာလဟာ လူမိုက်တစ်ယောက်ပဲလား။ နန်းစည်းစိမ် ရာထူးကိုရရှိဖို့ ဖခင်ကို နန်းချကာ မသေသေအောင် အမျိုးမျိုးနှိပ်စက်ခဲ့သူ အဇာတသတ်မင်းသားဟာ လူမိုက်တစ်ယောက်လား။ သာသနာမှာ အမြင့် ဆုံးရာထူးကို လိုချင်လို့ ဘုရားရှင်ကို သေကြောင်းကြံစည်ခဲ့သူ အရှင်ဒေဝဒတ် ဟာ လူမိုက်လား။
တစ်နေကုန်တစ်နေခန်း အရက်တွေသောက်ပြီး မူးရူးနေကြသူ တွေဟာ လူမိုက်တွေလား။ လမ်းဘေးမှာ ခိုက်ရန်ဖြစ်ပွားနေကြသူတွေဟာ လူမိုက်တွေလား။ အခု အကျဉ်းထောင်တွေ အချုပ်ခန်းတွေထဲမှာ ရောက် နေကြတဲ့ လူတွေကရော လူမိုက်တွေပဲလား။ မိုက်လုံးကြီးကြလို့ ဒီအထဲကို ရောက်လာခဲ့ကြတာလား။ စဉ်းစားစရာပင် ဖြစ်ပါတယ်။
နောက်ပြီး လူလိမ္မာဆိုတာမျိုးကရော ဘယ်လိုလူစားမျိုးလဲ။ ဘယ်လိုပုံပန်းသဏ္ဌာန်မျိုးလဲ။ အထူးကုဆရာဝန်ကြီးတွေက လူလိမ္မာ တွေလား။ ပါမောက္ခချုပ်ဆိုသူများက လူလိမ္မာတွေလား။ ကျောင်းဆရာ၊ ဆရာမတွေ၊ သူနာပြုဆရာ၊ ဆရာမတွေက လူလိမ္မာတွေလား။ ပခုံးပေါ်မှာ နှစ်ပွင့် သုံးပွင့်တပ်ထားတဲ့ ရဲသားကြီးတွေ၊ အရာရှိအရာခံ တပ်မတော်သား ကြီးတွေက လူလိမ္မာတွေလား။ အဲယားကွန်းခန်းထဲမှာထိုင်ကာ ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လူလိမ္မာတွေ လား။ အဝတ်အစားကို စမတ်ကျကျ ဝတ်ဆင်ထားကြတဲ့လူတွေက လူ လိမ္မာတွေလား။
ကျွန်တော်ဖြင့် လူမိုက်နဲ့လူလိမ္မာ ဝေခွဲလို့မရအောင် ဖြစ်နေခဲ့တာ ဟာ အချိန်ကာလတစ်ခုထိအောင်ပင် ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ထိုသို့မဟုတ်ခဲ့။ လူမိုက်နဲ့လူလိမ္မာဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တင်ထား တာနဲ့ တစ်မျိုးတစ်ဘာသာစီ ဖြစ်နေခဲ့တယ်ဆိုတာကို တဖြည်းဖြည်းချင်း သိလာခဲ့ရပါတယ်။ အသက်အရွယ်အရရော ဖြတ်သန်းလာခဲ့တဲ့အတွေ့ အကြုံ၊ ဖတ်မှတ်ဖူးခဲ့ရတဲ့ စာပေတွေအပေါ်မှာ မူတည်ပြီး ရရှိလာတဲ့ အသိ ဉာဏ်တွေကို ဆက်စပ်ပေါင်းစပ်ကာ လူမိုက်နဲ့လူလိမ္မာတို့ရဲ့ သဘော သဘာဝတွေကို ခွဲခြားသိမြင်လာနိုင်ခဲ့ပါတယ်။
ဒီလိုဆိုတော့ မိုးလင်းကနေ မိုးချုပ်ထိအောင်ြွကက်တွင်းထဲကို ရေလောင်းချသလိုမျိုး အရက်သောက်နေကြသူတွေကလည်း လူမိုက် ဟုတ်ချင်မှ ဟုတ်နိုင်သလို ဒေါက်တာဘွဲ့ရ ပညာတတ်ပုဂ္ဂိုလ်ကြီးတွေက လည်း လူလိမ္မာ ဟုတ်ချင်မှ ဟုတ်နေတတ်ပါတယ်။ ဟုတ်တာတွေလည်း ရှိနေသလို အထင်နဲ့အမြင် တက်တက်စင်အောင် လွဲချော်မှုတွေလည်း ရှိနေ နိုင်ပါတယ်။ အများအမြင်မှာ လူမိုက်တစ်ယောက်လို ထင်နေရပေမယ့် အနီးကပ်ပေါင်းသင်းဆက်ဆံကြည့်မှ ပညာရှိဆန်ဆန် လူလိမ္မာတစ်ယောက် လို ဖြစ်နေတာကိုလည်း တွေ့ရတတ်ပါတယ်။ ထိုနည်းတူစွာပင် ဝတ်ကောင်း စားလှတွေကို ဝတ်ဆင်၊ ပိုက်ဆံတွေကို ထည်ထည်ဝါဝါ သုံးစွဲနိုင်ကြတဲ့ဘသူဌေးသြွူကယ်တိုင်းလည်း လူလိမ္မာ ဟုတ်ချင်မှ ဟုတ်နိုင်ပါတယ်။ ဘယ်သူ တစ်ယောက်ကိုမှ အမြင်နဲ့ဆုံးဖြတ်လို့မရနိုင်တဲ့ အနေအထားမျိုးပင် ဖြစ်ပါတယ်။
အကျဉ်းထောင်တွေ အချုပ်ခန်းတွေထဲမှာ အကျဉ်းသားအဖြစ် ရောက်ရှိနေကြသူတွေမှာ သူဌေးသားတွေလည်း ပါပါတယ်။ ဆင်းရဲသား တွေလည်း ပါပါတယ်။ ပညာတတ်ပုဂ္ဂိုလ်ကြီးတွေပါသလို ပညာမတတ်ကြ တဲ့ သာမန်လူတွေလည်း ပါပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလည်း ပါသလို ရပ်ကွက်ထဲက လူသာမန်တွေလည်း ပါပါတယ်။ ပြောချင်တာက လူပေါင်းစုံ၊ အရွယ်အစားမျိုးစုံ၊ နယ်ပယ်အစုံကပင် ဖြစ်ပါတယ်။ ဒီလူတွေ အားလုံးကလည်း မိုက်မဲလို့ ထောင်ထဲရောက်နေကြတာ မဟုတ်ကြ။ အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်ကြောင့် ရောက်ရှိလာခဲ့ကြ ရခြင်း ဖြစ်ပါတယ်။
“ရဟန်းတို့၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မှားသောအကျင့်ရှိခဲ့သော် ငါဘုရား ချီးမွမ်းတော် မမူ။ ကောင်းမြတ်သော အကျင့်သီလ ရှိမှသာ ငါဘုရား ချီးမွမ်းတော်မူ၏”(မြတ်ဗုဒ္ဓ)
မြတ်စွာဘုရားရှင်ရဲ့ အထက်ပါမိန့်ကြားချက်ကို ထောက်ဆကြည့် ခြင်းအားဖြင့် လူမိုက်နဲ့လူလိမ္မာကို ခွဲခြားသိမြင်ကြတဲ့နေရာမှာ အမျိုးမြတ် ခြင်း မမြတ်ခြင်း၊ ပညာဂုဏ်သိန်ကြီးမားခြင်း မကြီးမားခြင်း၊ ရာထူးအာဏာ ရှိမှု မရှိမှု၊ စီးပွားဥစ္စာ ပြည့်စုံမှု မပြည့်စုံမှုဆိုတဲ့ အင်္ဂါအချက်အလက်များနဲ့ တိုင်းတာခြင်းမျိုးမဟုတ်ဘဲ လူတစ်ယောက်ရှိနေတတ်တဲ့ ရှိနေရမည့် ကိုယ်ကျင့်သီလကိုသာကြည့်ပြီး ဆုံးဖြတ်ထားတယ်ဆိုတာ ထင်ရှားပေါ်လွင် စေခဲ့ပါတယ်။
ဇေတဝန်ကျောင်းတော်ကနေ သာဝတ္ထိမြို့ထဲကို ဆွမ်းခြွံကလာတဲ့ မြတ်စွာဘုရားရှင်ကို ဘာရဒွါဇဆိုတဲ့ ပုဏ္ဏားကြီးတစ်ယောက်က “ဦးပြည်း ကတုံးနဲ့ ရဟန်းယုတ် အဲဒီနေရာမှာတင် ရပ်ပါလော့။ လူယုတ်မာကြီး အဲဒီနေရာမှာတင် ရပ်ပါလော့”လို့ သူယုတ်မာ(လူမိုက်)ဆိုတဲ့ စကားကို လှိုင်လှိုင်ကြီးသုံးကာ တားမြစ်ခဲ့ပါတယ်။ ဒါကိုကြားရတော့ မြတ်စွာဘုရားရှင် က အဘယ့်ကြောင့် သင်ပုဏ္ဏားကြီးဟာ ငါ့ကို သူယုတ်မာ(လူမိုက်)လို့ ခေါ်ဝေါ်ပြောဆိုနေရတာလဲ။ သင်ကိုယ်တိုင်ကရော သူယုတ်မာ၏ အဖြစ်၊ သူယုတ်မာတွေ ကျင့်ကြတဲ့အမူအကျင့်တွေကိုရော သိကောသိရဲ့လားလို့ မေးလိုက်ပါတယ်။ ဘာရဒွါဇပုဏ္ဏားကြီးကလည်း မသိဘူးလို့ ဝန်ခံခဲ့ပါတယ်။ တစ်ဆက်တည်းဆိုသလိုပဲ ရှင်းလင်းပြောကြားပေးဖို့ လျှောက်ထား တောင်းပန်လိုက်ပါတယ်။
အကြင်သူသည် အမျက်ထွက်လေ့ရှိ၏။ ရန်ငြိုးဖွဲ့တတ်၏။ သူ့ကျေးဇူး ကို ချေဖျက်တတ်၏။ အယူသီလ ပျက်စီး၏။ လှည့်ပတ်တတ်၏။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို လူမိုက်(သူယုတ်မာ)လို့ ခေါ်ဆိုထိုက်ပါတယ်။
အကြင်သူသည် သတ္တဝါများကို ညှဉ်းဆဲသတ်ဖြတ်တတ်၏။ သနား ကြင်နာမှု မရှိ။ ထိုသူကို လူမိုက်(သူယုတ်မာ)လို့ ခေါ်ဆိုထိုက်ပါတယ်။
အကြင်သူသည် ရွာတို့ကိုဖြစ်စေ၊ နိဂုံးတို့ကိုဖြစ်စေ ဖျက်ဆီးတတ် ၏။ ပိတ်ပင်တတ်၏။ ရွာနိဂုံးတို့ကို ဖျက်ဆီးတတ်သူဟူ၍ ကျော်စောထင်ရှား ၏။ ထိုသူတွေကို လူမိုက်(သူယုတ်မာ)လို့ ခေါ်ဆိုထိုက်ပါတယ်။
အကြင်သူသည် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း တစ်ပါး သောသူတို့၏ ပစ္စည်းဥစ္စာတို့ကို ခိုးယူ၏။ ခိုးယူလိုသောစိတ်ဖြင့် ဆောင် ယူ၏။ ထိုသူကို လူမိုက်(သူယုတ်မာ )လို့ ခေါ်ဆိုထိုက်ပါပေတယ်။ 
အကြင်သူသည် မြတ်စွာဘုရားရှင်ကိုလည်းကောင်း၊ ရဟန်းသံဃာ တော်တွေကိုလည်းကောင်း ကဲ့ရဲ့စွပ်စွဲပြောဆိုပုတ်ခတ်မှုရှိ၏။ လူကိုလည်း ကောင်း၊ ပရိဗိုဇ်ကိုလည်းကောင်း စွပ်စွဲပုတ်ခတ်၏။ ထိုသူမျိုးတွေကို လူမိုက်(သူယုတ်မာ )လို့ ခေါ်ဆိုထိုက်ပါတယ်လို့ မြတ်စွာဘုရားရှင်က ဘာရဒွါဇပုဏ္ဏားကြီးကို အကျယ်တဝင့် ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး သူယုတ်မာဆိုတာ အမျိုးဇာတ်ကို အကြောင်းပြုပြီး ခေါ်တာလည်း မဟုတ် ပါဘူး။ ထိုနည်းတူစွာပင် အမျိုးဇာတ်ကိုကြည့်ပြီး သူတော်ကောင်း (လူလိမ္မာ) လို့ ခေါ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ပြုမူ လိုက်တဲ့ အပြုအမူ၊ အမူအကျင့်လေးတွေကိုကြည့်ကာ သူယုတ်မာ(လူမိုက်) လို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ သူတော်ကောင်း (လူလိမ္မာ )လို့ခေါ်ဆိုရခြင်း ဖြစ်ပါတယ်လို့ မိန့်တော်မူခဲ့ပါတယ်။
အထက်ပါ အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် လူတစ်ယောက် ကို သူယုတ်မာ၊ သူတော်ကောင်း၊ လူမိုက်၊ လူလိမ္မာဆိုပြီး ခွဲခြားသတ်မှတ် ကြတဲ့နေရာမှာ ထိုလူရဲ့ အမျိုးမြတ်ခြင်း မမြတ်ခြင်း၊ ရာထူးဂုဏ်သိန်ကြီးမားမှု ရှိခြင်း မရှိခြင်း၊ စည်းစိမ်ဥစ္စာတွေ ပြည့်စုံခြင်းတွေက အဓိကမကျဘဲ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပြုတဲ့အမူအကျင့်တွေကို မူတည်ကာ ခေါ်ဆိုသတ်မှတ် ထားခြင်း ဖြစ်ပါတယ်။
ကောင်းတဲ့အကျင့်သီလနဲ့ ပြည့်စုံရင် သူတော်ကောင်း(လူလိမ္မာ)၊ မကောင်းတဲ့အကျင့် မကောင်းတဲ့အယူသီလတွေကို ဆုပ်ကိုင်ထားနေကြ မယ်ဆိုရင် အဲဒီလူမျိုးကို သူတော်ကောင်း လူလိမ္မာလို့ ခေါ်ဆိုနိုင်မှာ မဟုတ်ဘဲ လူမိုက် သို့မဟုတ် မကောင်းတဲ့အကျင့်ရှိသူ သူယုတ်မာလို့ ခေါ်ဆိုသတ် မှတ်ကြမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြုကျင့်လိုက်တဲ့ အမူအကျင့်လေးတွေကသာ ကျွန်တော် တို့ရဲ့ အဆင့်အတန်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်ငယ်ငယ် ကလေးဘဝကတည်းကစလို့ အချိန်ကာလများစွာ တိုင်အောင် နားထဲမှာ စွဲမြဲမှတ်သားဖူးခဲ့ရတဲ့ လူမိုက်၊ လူလိမ္မာ ဆိုတဲ့စကား တွေနဲ့ ပတ်သက်ပြီး အခုတော့လည်း ကျွန်တော် ကောင်းမွန်စွာ နားလည် သဘောပေါက်ခဲ့ပါတယ်။
အရှင်သာရိပုတ္တရာလောင်းလျာဖြစ်သူ ဥပတိဿကတော့ လောက မှာ လူလိမ္မာထက် လူမိုက်က ပိုများတယ်လို့ဆိုခဲ့ပါတယ်။
ကျွန်တော် လူလိမ္မာတစ်ယောက်ဖြစ်ဖို့ အများကြီး ကြိုးစားရပေဦး မယ်လို့လည်း ဆင့်ပွားတွေးတောနေမိပါတော့တယ်။
ကြယ်စင်စိုး (မန္တလေး)

Source : The Voice