fbpx

တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ခြင်းများကို ဇွန် ၅ ရက်တွင် စတင်မည်

ရန်ကုန်၊ မေ ၂၀
တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ခြင်းလုပ်ငန်းများကို ဇွန်လ ၅ ရက်နေ့တွင် စတင်မည်ဖြစ်သည့်အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ဆရာဆရာမများသည် သက်ဆိုင်ရာ တက္ကသိုလ်များသို့ ဇွန်လ ၃ရက်နေ့ တွင် သတင်းပို့ရန် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားသည့် အခြေအနေများကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းများကို ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိတွင်ယင်းလုပ်ငန်းများ ပြန်လည်စတင်ရန် အတွက် သက်ဆိုင်ရာ တက္ကသိုလ်များတွင် အဖြေလွှာများကို Code လုပ်ခြင်းများ စတင်နေကာ အဖြေလွှာစစ်ဆေးမှုကို ဇွန်လ ၅ ရက်နေ့တွင် စတင်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။
“ကုဒ်လုပ်တာတွေကိုတော့ တက္ကသိုလ်တော်တော်များများမှာ အခုစနေပြီ။ ဆရာဆရာမတွေသတင်းပို့ရမှာ ဇွန်လ ၃ ရက်နေ့ပါ” ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းများကို ပညာရေးအသိုင်းအဝိုင်းတွင်ပြန့်နှံ့နေသည့် သတင်းများအတိုင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာဆရာမများသီးသန့်သာ စစ်ဆေးခြင်း ပြုလုပ်မည်မဟုတ်ဘဲ အခြေခံပညာကဏ္ဍမှ ဆရာဆရာမများအပြင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာဆရာမများနှင့်ပါ ပူးပေါင်း စစ်ဆေးမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းများကို ဇွန်လမှသာ ဆောင်ရွက်မည်ဖြစ်သည့်အတွက် အောင်စာရင်းထုတ်ပြန်ခြင်းကို ဇူလိုင်လနောက်ဆုံးပတ် သို့မဟုတ် သြဂုတ်လ ပထမအပတ်ခန့်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်သည်။
၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုခင်အချိန်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ကိုးသိန်းခုနှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းခဲ့သော်လည်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူမှာ ခြောက်သောင်းကျော်အထိရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။
S-09

Source : The Voice