fbpx

ပညာရှင်များ၏ 'အား' ကို အသုံးချတတ်ကြရပါမည်

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းမှုများအစပြုခဲ့သည့် ၂၀၁၁ ခုနှစ် မတိုင်မီကာလအထိ နှစ်များစွာ နယ်ပယ်အသီးသီးတွင် ပညာရှင်ဆန်သောပုဂ္ဂိုလ်များ ခါးဆက်ပြတ်ခဲ့သော်လည်း ယနေ့အချိန်ကာလတွင်မူ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်တိုင်းပြည်၏ အရေးပါသောအခန်းကဏ္ဍများကို ဦးဆောင်နိုင်၊ ထောက်ပြဝေဖန်နိုင်သည့်သူများ ပြန်လည်မြင်တွေ့လာရသည်မှာ ပြုပြင်းပြောင်းလဲမှုများ၏ ရလဒ်ဟုဆိုရပါမည်။ 
ယနေ့အခါဆိုလျှင် ပုံနှိပ်နှင့်အွန်လိုင်းမီဒီယာအသီးသီး၏ စာမျက်နှာများနှင့် ပို့စ်များတွင်လည်းကောင်း၊ Live Stream များတွင်လည်းကောင်း သက်ဆိုင်ရာပညာရှင်များနှင့်တွေ့ဆုံမေးမြန်းခန်းများ၊ ဆွေးနွေးပွဲများ၊ ဖိုရမ်များ၊ ဒီဘိတ်များ စသည်ဖြင့်တွေ့ မြင်လာရသည်မှာ အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲတစ်ခုပင်ဖြစ်ပါသည်။ 
သို့သော်လည်း သက်ဆိုင်ရာနယ်ပယ်အလိုက် ပါရဂူတစ်ဦးတစ်ယောက်လို ကျွမ်းကျင်စွာတတ်သိနားလည်သည့် လုံလောက်သော ပညာရှင်ဦးရေရရှိသွားပြီလောဟု မေးလျှင် ‘မရှိသေးပါ’ ဟုပင် ရိုးသားစွာဖြေရမည်ဖြစ်ပါသည်။ 
လူမှုကွန်ရက်ခေတ်ထဲက ဒီမိုကရေစီကျင့်သုံးသည့်နိုင်ငံဖြစ်သည့်အတွက် လူမှုကွန်ရက်များပေါ်တွင် နည်းလမ်းအမျိုးမျိုး၊ ဗျူဟာအမျိုးမျိုးဖြင့် ပြည်တွင်းသာမကပြည်ပတွင် လူသိများ၊ လူကြိုက်များ၊ Like များများရအောင် လွတ်လွတ်လပ်လပ် ကြိုးပမ်းနိုင်သည်မှာမှန်သော်လည်း ၁၉၆၂ ခုနှစ်မတိုင်မီက ကမ္ဘာသိအောင် ထွန်းတောက်ခဲ့သော မြန်မာပညာရှင်များ မရှိသလောက်ရှားပါးသေးသည်ဟုဆိုရပါမည်။ 
ယနေ့ခေတ်မျိုးဆက်သစ်များသည် ယခင်အပိတ်ခေတ်ကထက် အင်္ဂလိပ်စာများပိုမိုထူးချွန်လာပြီး လေ့လာဆည်းပူးရန် အခွင့်အလမ်းများသောကြောင့် ယခင်မျိုးဆက်တို့ထက် ထက်ထက်မြက်မြက်ရှိလာသည်မှာ ဝမ်းသာစရာဖြစ်ပါသည်။ သို့သော်လည်း အာဏာရှင်ခေတ်ကာလကို အချိန်ကြာမြင့်စွာဖြတ်သန်းခဲ့ရသည့် အကျိုးဆက်ကြောင့် ကမ္ဘာ့အဆင့်မဆိုနှင့်၊ အာဆီယံဒေသတွင်းအဆင့် လူသိများသည့် ပညာရှင်ပုဂ္ဂိုလ်များ မပေါ်ထွန်းနိုင်သေးပေ။ 
‘ပညာရှင်တွေများလာတော့ ဘာဖြစ်မှာလဲ’ ဟု မေးလျှင် နိုင်ငံနှင့်လူမျိုးတို့ ခေတ်နောက်ကျကျန်စရာ အကြောင်းမရှိတော့ဟု ဖြေရပါမည်။ မြန်မာနိုင်ငံခေတ် နောက်ကျခဲ့ရသည့် အကြောင်းအရင်းကြီးများအနက် တစ်ခုမှာပညာရှင်လိုပုဂ္ဂိုလ်များ မရှိသလောက်ဖြစ်ခဲ့သောကြောင့်သာဖြစ်ပေသည်။ တစ်နည်းပြောရလျှင် မြန်မာနိုင်ငံ၌ အုပ်ချုပ်သူများနှင့် အာဏာရှင်များ လက်ညှိုးညွှန်ရာလိုက်လုပ်ပေးသည့် ပညာရှင်အယောင်ဆောင်များသာရှိခဲ့သောကြောင့်ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးရေး၊ နိုင်ငံတည်ဆောက်ရေးအတွက် အလုပ်လုပ်လိုသည့် ပညာရှင်များမရှိခဲ့ခြင်း (ဝါ) နေရာမရခဲ့ခြင်းဟု ဆိုလျှင်လည်းရမည်ထင်ပါသည်။ 
အရေးကြီးသည်မှာ နိုင်ငံနှင့် ပြည်သူအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်သည့်နေရာများတွင်ရှိသော ပုဂ္ဂိုလ်တိုင်း ကျွမ်းကျင်သူပညာရှင်ကြီးများဖြစ်ရန်မလိုသော်လည်း ၎င်းတို့ကို ဝန်းရံသူများနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ အဓိကပံ့ပိုးသူများမှာ ပညာရှင်များမဖြစ်မနေပါဝင်ထားရန်နှင့် ပညာရှင်များကို အကျိုးရှိစွာ အသုံးချတတ်ရန်လိုအပ်ပေသည်။
ထို့အတူ ယနေ့အခြေခံပညာဒသမတန်းအတွက် ဘဝတွက်တာကျွမ်းကျင်စရာ ကျောင်းသုံးစာအုပ်သင်ရိုးညွှန်းတမ်းသစ်တွင် လိင်ပညာပေးသင်ခန်းစာ(မျိုးဆက်ပွား ကျန်းမာရေးပညာပေး) ထည့်သွင်းရေးဆွဲမည့်ကိစ္စတွင်လည်း ပညာရေးနယ်ပယ် တစ်ခုတည်းမှ ပညာရှင်များသာမက အခြားနယ်ပယ်မှ ပညာရှင်များနှင့်ပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံပြုလုပ်ကာ အနာဂတ်မျိုးဆက်သစ်များနှင့် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်အထောက်အကူပြုမည့် ‘ပညာပေး’ ကိစ္စ ဖြစ်အောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ဖော်ပြလိုက်ပါသည်။ 
အယ်ဒီတာ ( ၂၀ – ၅ – ၂၀၂၀ ) 

Source : The Voice