fbpx

အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သော်လည်း ဒေသအချို့အပူချိန်မြင့်တက်

ရန်ကုန်၊ မေ ၂၀
မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့ မုတ်သုံလေစတင်ဝင်ရောက် နေသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပူချိန်မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ပြီးခဲ့သည့် ၂၄ နာရီ (မေလ ၁၉ရက်)အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီဖြစ်သော်လည်း မုံရွာအနီးအနားတွင်ရှိသော ကြေးမုံ (စိုက်ပျိုး ရေးမိုးလေဝသ)တွင် နေ့အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်နှင့် ကျောက်ဆည်၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ ချောက်မြို့နှင့် ပခုက္ကူမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်ဖြင့် ထူးခြားသည့်နေ့ အပူချိန်များအဖြစ် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“အပူချိန်များနေတဲ့ဒေသတွေမှာ အဓိကတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရှိနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေး ဦးစီးဌာနကနေ လမ်းညွှန်ထားတဲ့အပူနဲ့ဆိုင်တဲ့ကိစ္စတွေ လိုက်နာဆောင်ရွက်ဖို့ မှာချင်ပါတယ်။ ဒီဒေသတွေကို မုတ်သုံမကြာခင်ဝင်တော့မှာ ဖြစ်တဲ့အတွက် အပူချိန်တွေတဖြည်းဖြည်းကျလာတော့ မယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
အနောက်တောင် မုတ်သုံလေဝင်ရောက်ချိန်တွင် ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနထံမှ သိရသည်။
“နောက်နှစ်ရက်လောက်အထိ မိုးရွာဖို့ရှိသေးတယ်။ မုတ်သုံကတောင်ပိုင်းကိုတော့ ဝင်သွားပြီ။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်အတွက် ခန့်မှန်းထားတာ မေ ၂၂ ကနေ ၂၇ ပေါ့။ မုတ်သုံဝင်လာပြီဆို အပူချိန်တွေ လျော့ကျသွားမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ထပ်မံပြောကြားသည်။
မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှု ဦးစီးဌာန၏ မေလ ၂၁ ရက်(ယနေ့) အထိခန့်မှန်းချက်များအရ နေပြည်တော်၊ မန္တလေးတို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်၍ ရွာရန် ရာခိုင်နှုန်းပြည့်ရှိကာ ရန်ကုန်မြို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်းပြည့်ဖြစ်သည်။
ထို့အပြင် မေလ ၂၂ ရက်ထိ ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
J-02

Source : The Voice