fbpx

ဟွာဘိုတိုင်းအထည်ချုပ်မှ လျှော့ချခံရသည့်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းပြန်ပွင့်လာပါက မူလရာထူးဖြင့်ပြန်ခန့်မည်

ဓာတ်ပုံ-မောင်မျိုးထက် (အလုပ်ထုတ်ခံရခြင်းအတွက် အလုပ်သမားများက အစိုးရရုံးသို့လာရောက် တိုင်ကြားခဲ့သည်ကို မေလ ၁၈ ရက်နေ့ကတွေ့ရစဉ်)
ပုသိမ်၊ မေ ၂၀
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်ရှိ ဟွာဘိုတိုင်းအထည်ချုပ်စက်ရုံမှ လုပ်သားအင်အားလျှော့ချခံရသည့် အလုပ်သမား ၁၀၅ ဦးကို အလုပ်အကိုင်အခွင့်အလမ်းပြန်ပွင့်လာပါက မူလနေရာ၊ မူလရာထူးဖြင့် ပြန်ခန့်ပေးမည် ဖြစ်ကြောင်း ယင်းစက်ရုံ၏လူမှုဆက်ဆံရေးတာဝန်ခံ ဒေါ်စုစံဝင်းက The Voice Daily သို့ ပြောကြားသည်။
စက်ရုံလုပ်သား ၁၀၅ ဦးကို အလုပ်မှ အပြီးထုတ်ပယ်ခြင်းမဟုတ်ဘဲ COVID-19 ရောဂါကာကွယ်ရေးအတွက် စက်ခုံများကို ၆ ပေအကွာဖြင့် စီစဉ်ရသဖြင့် လုပ်ငန်းခွင်အခြေအနေအရနှင့် တပ်နယ်မြေ (တောင်ပေါ်) စက်ရုံ မှ လုပ်သားများ ပြန်လည်ချထားပေးရန် အတွက် လုပ်သားအင်အားကို ယာယီလျှော့ချခြင်းသာဖြစ်ကြောင်း၊ အလုပ်သမားများ၏ လုပ်သက်ခံစားခွင့်အပါအဝင် အခြားခံစားခွင့်ငါးမျိုးအတွက် ငွေကြေးများကို ပေးချေထားကြောင်း ၎င်းကရှင်းပြသည်။
“လုပ်သက်ပေါ်မှာအခြေခံပြီး လျှော့ချတာမဟုတ်ပါဘူး။ လုပ်ငန်းခွင် ကျွမ်းကျင်မှုအပေါ်ကြည့်ပြီး ခဏလျှော့လိုက်တာ။ မလျှော့ချင်ပါဘူး။ နေရာအခက်အခဲကြောင့်ပါ၊ စက်ခုံတွေ မူလအခြေအနေအတိုင်း ပြန်ထားလို့ရပြီ၊ ရောဂါအခြေအနေကလည်း အားလုံးကောင်းသွားပြီဆိုရင် ပြန်ခန့်ပေးမှာပါ” ဟု ၎င်းကရှင်းပြသည်။
လျှော့ချခြင်းနှင့်ပတ်သက်၍ အလုပ်သမားများနှင့် ကြိုတင်ညှိနှိုင်းမှုမရှိခြင်း၊ ဥပဒေနှင့်အညီ ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကြေညာမကပ်ခြင်း၊ အစိုးရနှင့် သက်ဆိုင်ရာဌာနများကို ဥပဒေနှင့်အညီ ကြိုတင်တင်ပြမှုမရှိခြင်း၊ နုတ်ထွက်စာတွင် အဓမ္မဖိအားပေး လက် မှတ်ထိုးခိုင်းခြင်းတို့ကြောင့် စက်ရုံတာဝန်ရှိသူတို့၏ လုပ်ဆောင်ချက်မှာ ရိုးသားမှု၊  တရားမျှတမှုမရှိကြောင်း လျှော့ချခံလုပ် သားများက ပြောဆိုသည်။
“အလုပ်မှာရက်မှန်တယ်၊ စံချိန်စံညွှန်းမှန်တယ်။ ခုတော့လုပ်သက်ရင့်  အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေ၊  ဒီအဖွဲ့နဲ့ ပတ်သက်သူတွေကို လျှော့ချတာဖြစ်နေတယ်။ ဒါကသမဂ္ဂကိုဖြိုခွဲတာပါ၊ တရားမျှတမှုလိုချင်ပါတယ်။ အခုဆို စစ်တပ်ထဲက စက်ရုံက အလုပ်သမားတွေကို ပြန်ခေါ်ခန့်နေတယ်” ဟု ယင်းစက်ရုံမှ လုပ်သား ဒေါ်မိမိမွန်ကပြောကြားသည်။
လုပ်သားအင်အား လျှော့ချမည်ဆိုပါက အလုပ်သမားများ၏ဆန္ဒကိုခံယူ၍ အလုပ်ထွက်လိုသူအား ပထမအဆင့်၊  လုပ်သက်ငယ်သူကို ဒုတိယအဆင့်နှင့် လုပ်သက်ငယ်ခြင်းတူနေပါက အိမ်ထောင်မရှိသူများကို တတိယအဆင့်အနေနှင့်သတ်မှတ်ကာ လျှော့ချရမည်ဖြစ်၍ အစိုးရဌာန၏ထုတ်ပြန်ထားသော  ဥပဒေနှင့်မညီညွှတ်ကြောင်း၊ ထို့ကြောင့် အလုပ်ပြန်ခန့်ပေးရေးအတွက် ခိုင်မာသော ကတိကဝတ်နှင့် တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ တာဝန်ခံ ဒေါ်ခခက ပြောဆိုသည်။
ပုသိမ်စက်မှုဇုန်အတွင်းရှိ ဟွာဘိုတိုင်းအထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်ပြီး ၂၀၁၃ ခုနှစ်က စတင်ကာ စက်ရုံလုပ်သား ၁၈၀ဝ ခန့်ရှိပြီး  ယင်းစက်ရုံထွက်အထည်များကို  ဥရောပနှင့်အမေရိကတိုက် နိုင်ငံများသို့တင်ပို့ ခြင်းဖြစ်သည်။ 
ယင်းစက်ရုံမှ အလုပ်သမား ၁၀၅ ဦးကို မေလ ၁၄ ရက်နေ့က အလုပ်နုတ် ထွက်စာတွင် အကြောင်းမဲ့လက်မှတ်ရေးထိုးစေ၍ အလုပ်မှထုတ်ခဲ့ခြင်းဖြစ်သည်။ 
R-04

Source : The Voice